မြစ်ဆုံစီမံကိန်းနှင့် စစ်ပွဲကြောင့် နေရပ်မပြန်နိုင်သေးသော ကလေးငယ်များ၏ လက်ရာပန်းချီကားများပြသ

မြစ်ဆုံစီမံကိန်းနှင့် စစ်ပွဲကြောင့် နေရပ်မပြန်နိုင်သေးသော ကလေးငယ်များ၏ လက်ရာပန်းချီကားများပြသ
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက်။        ။ စစ်ဘေးရှောင်စခန်းများမှ နေရပ်မပြန်နိုင်သေးသည့် ကလေးငယ်များနှင့် မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းနေထိုင်ကြရသောရွာများမှ ကလေးငယ်များရေးဆွဲထားသည့် ပန်းချီကားများကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ်ပြခန်းတွင် ပြပွဲပြုလုပ်ကာ ပြသလျက်ရှိသည်။

“မြောက်ဖျားဒေသ အလင်းတန်းများ”ဟု အမည်ပေးထားသော အဆိုပါပြပွဲတွင်နေရပ်မပြန်နိုင်ေသးသော ကလေးငယ် ၅၀၀၀ ကျော်က ရေးဆွဲထားသည့် ပန်းချီကားချပ်ပေါင်း တစ်သောင်းကျော်ထဲမှ အခရိုက်လစ်ဆေးပန်းချီကား ၅ဝ ကျော်ကို ရွေးချယ်ပြသထားခြင်း ဖြစ်သည်။

ငှက်ပျောစိုက်ပျိုးမှုပြဿနာ၊ ဖားကန့် ကျောက်တူးဖော်မှုနှင့် မျှော်လင့်ချက်၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ရေးဆွဲချက်များ၊ နေရပ်ပြန်နိုင်ရေးမျှော်လင့်ချက်စသည့် အကြောင်းအရာများကို နေရပ်မပြန်နိုင်သေးသည့် ကလေးငယ်များက ရေးဆွဲထားခြင်း ဖြစ်သည်။

“ဒီငှက်ပျောပင်ပန်းချီကားချပ်ကို ဆွဲရတာ စိတ်မကောင်းဘူး။ စိတ်ထဲမှာနာကျင်မှုဖြစ်တယ်။ ဒီငှက်ပျောပင်စိုက်တာကြောင့် မြေဆီလွှာပျက်စီးတယ်။ ငှက်ပျောပင်မှာသုံးတဲ့ ဓာတ်မြေသြဇာကြောင့် လူတွေရဲ့ အသက်ဆုံးရှုံးတယ်။ ကလေးတွေလည်း နေလို့ မကောင်းဘူး။ အဲ့ဒါကြောင့် ဒီဟာကို မကြိုက်လို့ ဆွဲတာဖြစ်ပါတယ်။ ဒီဟာကို ထုတ်ဖော်ပြချင်လို့ ဆွဲတာပါ” ဟု လိုင်ဇာမြို့၊ Je Yang စစ်ဘေးရှောင်စခန်း မူလတန်းကျောင်းမှ ၁၅ နှစ်အရွယ် Lahpai Hkun Awng က ပြောသည်။

အဆိုပါ ပန်းချီပြပွဲကို ကချင်ပြည်နယ်မှ နေရပ်မပြန်နိုင်သေးကြသည့် ကလေးငယ်များ၏ စိတ်ဒဏ်ရာကုစားနိုင်ရေးအတွက် ပန်းချီသင်ကြားမှု ပြုလုပ်ပေးလျက်ရှိသော မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် ဧရာဝတီလူမှုရေးအသင်းတို့ ပူးပေါင်းပြီး ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ်ပြခန်းတွင် ဇန်နဝါရီလ ၁၁ ရက်နေမှစကာ ငါးရက်ကြာ ပြပွဲပြုလုပ် ပြသနေခြင်းဖြစ်ကြောင်း သိရသည်။

နေရပ်မပြန်နိုင်သေးသော ကလေးများကို ပန်းချီသင်ကြားပေးသူ ဆရာမ Kaw Seng က  “ပထမတစ်ချက်ကတော့ ကလေးတွေက သူတို့မွေးကတည်းက စခန်းတွေထဲမှာပဲ နေခဲ့ရတယ်။ သူတို့မှာ မြန်မာစကားလည်း မပြောတတ်ဘူး။ အဲ့ဒါကြောင့် သူတို့ သိပ်ပြီးတော့ ခံစားချက်တွေကို ပြောမထွက်ကြတာ ဖြစ်နိုင်ပါတယ်။ ဒီနေ့ပွဲလုပ်တာက ကျွန်မတို့အတွက် တကယ့်ကို အရေးပါပါတယ်။ အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလေးတွေက စစ်ရှောင်စခန်းတွေမှာပဲ နေပြီးမှ အပြင်လောကကို မြင်ခွင့်မရကြဘူး။ အခုတော့ ကလေးတစ်ချို့ကိုလည်း ဒီမှာ အပြင်လောကကို မြင်ခွင့်ပေးရုံသာမကဘဲ စခန်းတွေက ကလေးတွေရဲ့ ခံစားချက်ကို တစ်နိုင်ငံလုံးသိအောင် ဖော်ထုတ်နိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်” ဟုပြောသည်။

စစ်ဘေးရှောင်စခန်းများမှ နေရပ်မပြန်နိုင်သေးသော ကလေးငယ်များနှင့် မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းနေထိုင်ကြရသောရွာများမှ ကလေးငယ်များရေးဆွဲထားသည့် ပန်းချီကားများကို ရောင်းချသွားမည်မဟုတ်ဘဲ ကလေးများ၏ ပန်းချီပညာ ဆက်လက်ဆည်းပူးနိုင်ရေးနှင့် ပန်းချီထူးချွန်သော ကလေးနှစ်ဦးကို နှစ်စဉ်ရွေးချယ်ကာ ပညာတော်သင်ဆုချီးမြှင့်ရေးအတွက် ရန်ပုံငွေအဖြစ် အသုံးပြုနိုင်ရန် အလှူငွေများကို လက်ခံသွားမည်ဖြစ်ကြောင်း မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းထံမှ သိရသည်။

ကချင်ပြည်နယ်တွင် ၂ဝ၁၁  ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန်စစ်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းနှင့် တစ်သိန်းလေးသောင်းကြား ရှိနေကြောင်း မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးဂွမ်ရှာအောင်က ပြောသည်။ ထို့အပြင် ကာလကြာလာသည်နှင့်အမျှ အထောက်အပံ့ရရှိမှု နည်းလာသကဲ့သို့ စစ်ဘေးရှောင်ပြည်သူများ၏ စားရေးသောက်ရေးနှင့် ကလေးငယ်များ၏ ပညာရေးတွင်အခက်အခဲများ ကြုံလာရသဖြင့် နေရပ်ပြန်နိုင်ရေးကိုသာ မျှော်လင့်လျက် ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly