တောင်ကြီးပေါက်ကွဲမှု သတင်းများ ဒဏ်ရာရသူ အရေအတွက် ကွဲပြားနေ

တောင်ကြီးပေါက်ကွဲမှု သတင်းများ ဒဏ်ရာရသူ အရေအတွက် ကွဲပြားနေ
ဓာတ်ပုံ- နေလင်းသိုက်

ရန်ကုန် အောက်တိုဘာ ၂၆ ။               ။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အောက်တိုဘာ ၂၅ ရက်ညက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည့် သတင်းကို ထုတ်ပြန်ရာ တွင် ဒဏ်ရာရသူ အရေအတွက် ဖော်ပြမှု ကွဲပြားနေသည်ကို တွေ့ရှိရသည်။

မဇ္ဈိမက အောက်တိုဘာ ၂၆ ရက်တွင် မေးမြန်းစုံစမ်းရာ ရပ်နားထားသည့် ကားအောက်သို့ ဗုံးပစ်သွင်းသွားခြင်းဖြစ်သည်ဟု သိရပြီး ဗုံးပေါက်ကွဲမှုှကြောင့် ဒဏ်ရာရရှိသူ ၄ ဦးရှီပြီး ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးဌာနမှူး ရဲမှူးကြီး မျိုးဆန်းက ပြောသည်။

"ကားအောက်မှာ ကပ်ထားတာ မဟုတ်ဘူး။ လက်ပစ်ဗုံးကို ပစ်သွင်းသွားတာ။ အစ ခုနှစ် စ ရထားတယ်။ ပေါက်သွားတဲ့ အရှိန်ကြောင့် ၆ လက်မကနေ ၈လက်မလောက်ရှိတဲ့ ကျင်းအနက် ဖြစ်သွားတာ။ ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ဦးပဲ ဒဏ်ရာရ တာ။ ဆေးရုံတင်ပေးထားတယ်။ သေတဲ့သူတွေ မရှိပါဘူး။ သူတို့က စင်တဲ့အခြေအနေဆိုတော့ မစိုးရိမ်ရပါဘူး။" ဟု ရဲမှူးကြီး မျိုးဆန်းက မဇ္ဈိမကို ပြောသည်။

တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ မင်းလမ်းမကြီးပေါ်ရှိ၊ အောင်လျှပ်စစ်ပစ္စည်းဆိုင်၊ မြို့မရဲစခန်းရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ် အနီးတွင် ရပ်ထားသည့် အိုင်ပီစီ အမျိုးအစား အိမ်စီးကား အဖြူရောင် နံပါတ် 3D 4616 အောက်မှ ပေါက်ကွဲခြင်းဖြစ် သည်ဟုလည်းဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အင်တာနက်စာမျက်နှာတွင်မူ အောက်တိုဘာ ၂၅ရက် ည ၈ နာရီ မိနစ် ၂၀ ခန့်အချိန်၌ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်ရပ်ကွက် အမှတ် (၁) ရဲစခန်းနှင့် ကမ္ဘောဇဘဏ်ကြား ရပ်ထားသည့် ကားတစ်စီး ဗုံးပေါက်ကွဲကာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု အမည်၊ အသက်နှင့် တစ်ကွ ဖော်ပြထားသည်။

ဧရာဝတီသတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် သတင်းတပုဒ်၌မူ ပေါက်ကွဲမှုကြောင့် ကားတစ်စီးထိခိုက်သွားပြီး လူ ၃ ဦး ဒဏ်ရာရသည်ဟု ရေသားထားသည်။

မဇ္ဈိမ၏ အောက်တိုဘာ ၂၆ ရက်တွင် မေးမြန်းစုံစမ်းချက်အရ ဗုံးပေါက်ကွဲမှုမှ ရရှိသည့် ဗုံးအစ ၇ ခုကို တောင်ကြီး အခြေစိုက်စစ်မြေပြင် အင်ဂျင်နီယာတပ်က စစ်ဆေးနေပြီး၊ တရားခံအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် စီးပွားပြိုင် သို့မဟုတ်၊ လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့က စီစဉ်သည်ဟု ကနဦးယူဆထားကြောင်း ရဲမှူးကြီး မျိုးဆန်းက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့်နေရာပါဝင်သည့် ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးချစ်ရီက "ဒီနေ့တော့အေးဆေးပါပဲ၊ လုံခြုံရေးနဲ့ပက်သက်ပြီး အထူးလုပ်ထားတဲ့ပုံလည်း ကျွန်တော်တို့ မနက်ထွက်လာကတည်းက အခုထိ မမြင်ပါဘူး။ ပုံမှန်ပဲ။ အခုမဲဆွယ်စည်းရုံးနေတာပါ။ တောင်ကြီးညိုမီးရွာ ရောက်နေတယ်။ မဲဆွယ်တဲ့နေရာမှာလည်း လုံ့ခြုံရေးကို သတိထားဖို့ ကော်မရှင်တို့ ရဲတပ်ဖွဲ့တို့က သတိပေးတာ မရှိထားပါဘူး။" ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၄ ဦး ရှိပြီး အရေးပေါ်အခြေအနေမရှိပဲ တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် ဆေးကုသနေသည်ဟု ကြားသိရကြောင်း ဦးချစ်ရီက မဇ္ဈိမကို ဖြေကြားသည်။

ဗုံးပေါက်ကွဲမှုနှင့် ပက်သက်ပြီး တရားခံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းမှုများ ပြုလုပ်နေပြီး အတိအကျ မသိရှိရသေးကြောင်း ရဲမှူးကြီးမျိုးဆန်းက ပြောသည်။

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အလားတူဖြစ်ရပ်များဖြစ်ပေါ်မှုမရှိစေရန်အတွက်ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံးလုံခြုံရေးကို အမြင့်ဆုံးဒုတိယအဆင့်ဖြစ်သည့် လိမ္မော်ရောင်အဆင့် သတ်မှတ်ကာ ဆောင်ရွက်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly