ဒေါ်စုကို ချစ်တယ်ဆိုတဲ့လူတွေ ကျုပ်လောက် ချစ်နိုင်မလားလို့ မေးခွန်းထုတ်လိုက်တဲ့ အရှင်ဝီရသူ

ဒေါ်စုကို ချစ်တယ်ဆိုတဲ့လူတွေ ကျုပ်လောက် ချစ်နိုင်မလားလို့ မေးခွန်းထုတ်လိုက်တဲ့ အရှင်ဝီရသူ

မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနှင့် မဇ္ဈိမတို့ မကြားသေးခင်က တွေ့ဆုံမေးမြန်းမှုအတွင်း လာမည့်ရွေးကောက်ပွဲ အခြေအနေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပေါ်အမြင်၊ သမ္မတ ဦးသိန်းစိန် အပေါ်အမြင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် အမြင်များကို မေးမြန်းဖြစ်ခဲ့သည်။ ယခု အပိုင်းကို ပထမအပိုင်းအဖြစ် ဖေါ်ပြပေးလိုက်ပါသည်။

 

မြန်မာပြည်အတွက် အရှင်ဘုရားရဲ့ မျှော်မှန်းချက်က ဘာဖြစ်မလဲ။ နောက်လာမယ့် ၅ နှစ်အတွင်းမှာ မြန်မာပြည်ရဲ့ အခြေအနေတွေကို အရှင်ဘုရား ဘယ်လိုရှုမြင်ပါသလဲ။

ပြောရမယ်ဆိုရင်တော့ ဦးဇင်းတို့က ရွေးကောက်ပွဲက စပြောရမှာပေါ့။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှုတွေ အားပြိုင်မှုတွေက လွန်လွန်ကဲကဲ ဖြစ်လာတာကိုး။ ဆိုင်းဘုတ်တွေ အပြန်အလှန် ဖျက်စီးခံနေရတာ နောက် လွှတ်တော်ကိုယ်စားလှယ်တွေ  စည်းရုံးတဲ့အခါ အနှောက်အယှက်ပြုကြတာတို့။ နောက် မဲဆွယ်စည်းရုံးတဲ့ သူတွေကို တိုက်ခိုက်ကြတာပေါ့နော်။

ဦးဇင်းမျှော်မှန်းတာကတော့ ဖြစ်ဖို့ မလွယ်ဘူးပေါ့နော်။ သို့သော်လည်း ပြောတော့ ပြောကြည့်တာပေါ့။ ဥပမာ ဦးဇင်းတို့ နိုင်ငံရေး သမားတွေ ဦးဇင်းတို့ စာနယ်ဇင်းတွေ ဆိုကြပါစို့ နိုင်ငံရေး အမြင်ရှိတဲ့ သူတွေ အမေရိကန်မှာ ဘယ်လိုဆိုတာ ပြောကြတယ်နော်။ အင်္ဂလန်မှာ ဘယ်လို ဆိုတာလည်းပြောကြတယ်။ ဒါပေမယ့် အမေရိကန်မှာ ရှိတဲ့ နိုင်ငံရေး သမားတွေရဲ့ ပုံစံကို ကျတော့ အတု မခိုးကြဘူးပေါ့နော်။ တကယ်ဆိုရင် အိုဗားမားနဲ့ ဟီလာရီနဲ့က အကြိတ်အနှယ်ပြိုင်ခဲ့ကြတာ။

တစ်ပါတီ တွင်းမှာ ပဲ သမ္မတလောင်း ယှဉ်ပြိုင်ခဲ့ကြတာ။ သူတို့တွေကအလုပ်သဘောအရသာ  စင်ပေါ်မှာ တစ်ယောက်အားနည်းချက်ကို တစ်ယောက် ထောက်ပြပြီး မဲဆွယ်ကြတာ။ ဒါပေမယ့် စင်ပေါ်မတက်ခင်လည်း သူတို့တွေက ငါမင်းအကြောင်း ပြောတော့မယ်ဆိုပြီး စသွားသေးတယ်။ စင်ပေါ်က ပြန်လာတော့လည်း ငါမင်းအကြောင်းပြောခဲ့ပြီ လက်မောင်းချင်း ချိတ်ပြီး စင်ပေါ်ကနေ ဆင်းလာခဲ့ကြတယ်။ ဦးဇင်းတို့လည်း အဲလို ဖြစ်စေချင်တာ။ တိုင်းပြည်အတွက် ဆိုလို့ရှိရင် အဲလို နိုင်ငံရေးသမားကောင်းတွေ များများလိုအပ်တယ်။များများပေါ်မှ ဖြစ်မယ်။ အခုဟာက အမေရိကန်လိုတော့ အခွင့်အရေးတွေ ရစေချင်တယ်။ အမေရိကန်လိုတော့ တိုးတက်စေချင်တယ်။ဒါပေမယ့် အမေရိကန် နိုင်ငံရေး သမားတွေလို ကိုယ့်နိုင်ငံရေး သမားတွေက သဘောထား မကြီးဘူး။ အဲတာကို  ဦးဇင်းပြောချင်တာပေါ့နော်။

 

မြန်မာနိုင်ငံသားအားလုံးရဲ့  ၉၀ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ အရှင်ဘုရားပြောတဲ့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အပေါ် ခြိမ်းခြောက်မှုတွေဆိုတာ ဘာကိုဆိုလိုတာပါလဲ။

အဲဒါ တကယ့်တော့ ဒကာကြီးရာ သမင်ရာထောင်ချီတဲ့ တောကြီးမှာကျားတစ်ကောင် ရောက်နေတယ်။ တစ်ကောင်တည်းသော ကျားက သမင်အားလုံးရဲ့ အန္တရာယ်ပဲ။ ဦးဇင်းတို့ မြန်မာ ပြည်သူတွေဟာ တကယ် ရိုးအကြတယ်။ လမ်းသွားတာတောင်မှ မျက်လွှာလေးတွေချလို့။ ဘာအြင်္ကစည်မှ မရှိဘူး။ ဒါပေမယ့် အဲဒီ လူနည်းစုဆိုတဲ့ သတ္တဝါတွေက ၂၄ နာရီ မြန်မာတွေကို ဘယ်လိုထိုးဖောက်ရမယ် ဆိုတာရယ်၊ ဘာတွေကို ဘယ်လို အနိုင်ကျင့်ရမယ် ဆိုတာရယ်။ မြန်မာပြည်ကို ဘယ်လိုရအောင် လုပ်ရမယ်ဆိုတာရယ် အမြဲတမ်း ကြံကြတယ်။ အဲတော့ တစ်ကောင်တည်းသော ကျားကို သမင်အားလုံးက ကြောက်ရသလို၊ တစ်ကောင်တည်းသော ကျားကလည်း သမင်အားလုံးကို ခြိမ်းခြောက်နိုင်တယ်။ အဲတော့ ဦးဇင်းတို့ နိုင်ငံဟာ တကယ့်ကိုကျားဆိုးနဲ့ တွေ့နေတယ်။

 

အရှင်ဘုရား ဗုဒ္ဓဘာသာ အတွက် ကြိုးစားနေတာ တပည့်တော်တို့ မြန်မာနိုင်ငံအတွက်ပဲ တင်လား။ ကမ္ဘာကိစ္စကြီး တစ်ခုလုံးလား ။

ကမ္ဘာကြီးမှာ ဗုဒ္ဓဘာသာ ခြိမ်းခြောက် ခံနေရတာ။ အခုမှ ခြိမ်းခြောက်ခံနေရတာ မဟုတ်ဘူး။ ဟို အာဖဂန်တို့ အနီးစပ်ဆုံး ပါကစ္စတန်တို့ ဘင်္ဂလာဒေ့ချ် သက်သေပဲလေ။ နာလန်ဒ တက္ကသိုလ် ရဲ့ သမိုင်းကြောင်းလေးရှိတယ်။ ဟို ဦးဇင်း လုပ်နေတာတော့ ခံစစ်အနေနဲ့ ကိုယ့်နိုင်ငံ မကျဆုံးရေးပေါ့။ ကိုယ့်နိုင်ငံမှာ ရှိတဲ့ ကိုယ့်လူမျိုးနဲ့ ကိုယ့်ဘာသာ မကျဆုံးရေး အဓိကလုပ်တာပေါ့။ သို့သော်လည်းပဲ ဒီဗုဒ္ဓဘာသာ အန္တရာယ် ကျရောက်နေတဲ့ ဘယ်နိုင်ငံမဆို ဦးဇင်းတို့နဲ့ လက်တွဲ လုပ်ဆောင်ဖို့ဖိတ်ခေါ်တယ်ဆိုရင် အချိန်မရွေး သွားမှာပါ။ ထိုင်းနိုင်ငံ တောင်ပိုင်း ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းကို သွားဖို့လည်း အစီစဉ် ရှိပါတယ်။

 

ထိုင်းနိုင်ငံ တောင်းပိုင်းဆိုတာ ပိုပြီးတော့ ပြောပြပါလား။

ထိုင်းတောင်ပိုင်းက ရခိုင်ပြည်ထက် ဆိုးတာပေ့ါ။ သူက သံဃာတွေ ဆွမ်းခံကြွရင် လုံခြုံရေး အပြည့်နဲ့ ကြွရတာလေ။ ဒီအတိုင်း ဦးဇင်းတို့လို လွတ်လွတ်လပ်လပ် ဆွမ်းခံကြွလို့မ ရဘူး။ သေနတ်ကိုင်ပြီး လမ်းလျှောက်ရတာကိုး။ တစ်ချို့နေရာတွေဆို ကျည်ကာမှန်လုံခန်းကြီး ဆိုင်ကယ်ပေါ်တင်ပြီးတော့ ဆွမ်းခံကြွရတယ်။ အဲဒီလိုကြွတော့ အန္တရာယ်ကင်းလား ဆိုတော့ မကင်းပါဘူး။ ဆွမ်းခံကိုယ်တော်ရော ဆွမ်းအစ်မရော အသတ်ခံရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရတာ။ အဲလိုပဲ ဆွမ်းခံကိုယ်တော်ရော လုံခြုံရေးရော ဗုံးခွဲခံရတာ သေတာပါပဲ။ ပူပူနွေးနွေး ဖြစ်ရပ်တွေ ပါပဲ။ ထိုင်းတောင်ပိုင်းမှာ အဲလိုလုပ်ကြံလို့ သံဃာတွေရော အပြစ်မဲ့တဲ့ ပြည်သူတွေရော သေတာ ငါးထောင်ကျော်သွားပါပြီ။ မူစလင်တွေက သတ်တာပေါ့။ အဲဒီကိစ္စအတွက် ဒီသတင်းတွေ ဖတ်ရတိုင်း ဒါတွေကို ကြားတိုင်း ထိုင်းတောင်ပိုင်းကို ဘယ်လိုကာကွယ် မလဲ။ ထိုင်းပြည်သူနဲ့ ထိုင်းသံဃာတော်တွေကို ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ စိတ်ကူးတွေအမြဲတမ်းပေါ်လာတာပေါ့။

 

အရှင်ဘုရား လူမှုကွန်ရက် ဖေ့ဘွတ်ပေါ်မှာ မြင်နေရတာတွေအပေါ် စိုးရိမ်မှုရှိပါသလား။

ခုလို ဖေ့ဘုတ်တွေသာ စောစောပေါ်ခဲ့ရင် ဦးဇင်း ထောင်မကျပါဘူး။ ဦးဇင်းဟာ စာအုပ်တစ်အုပ်ကို တရားမဝင် ထုတ်ခဲ့တာကြောင့် ထောင်ကျခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ဘာလဲ ဆိုရင် အစိုးရကို တိုက်ခိုက်တဲ့ စာအုပ်လည်း မဟုတ်ဘူး။ နိုင်ငံရေးပါတဲ့ စာအုပ်လည်း မဟုတ်ဘူး။ ဘာသာရေး သက်သက်ပဲ။ နိဗ္ဗာန်ရောက်ကြောင်း တရားကို ကာကွယ်တဲ့ စာအုပ်သက်သက်ပဲ။ ဒါပေမယ့် အရေးယူတဲ့ အခါကြတော့ ပုံနှိပ်အက်ဥပဒေနဲ့ အရေးယူခံရတယ်။ တကယ်လို့သာ ဖေ့ဘုတ်သာစောစောပေါ်ရင် ဦးဇင်း အဲတာကို ဖေ့ဘုတ်ပေါ်တင်လိုက်ရင် ပွဲပြီးတယ်ပေါ့နော်။ သူတို့ဆီ ခွင့်ပြုချက် တင်စရာ မလိုတော့ဘူး။ ခုခွင့်ပြုချက်တင်တယ်။ မကျဘူး black ထုတ်တယ်။ ထောင်ကျတယ်ပေါ့လေ။

အဲဒါကြောင့်မို့ ဖေ့ဘုတ်ဟာ အမှန်တရားဗျ။ ဘယ်လို အမှန်တရားလဲ ဆိုတော့ တကယ့် အမှန်တရား ပြည်သူလူထုရဲ့ ရင်ဖွင့်စရာ ကြေးမုံပြင်ကြီး တစ်ခုပေါ့။ ကြမ်းတာလဲရှိမယ်။ သိမ်မွေ့တာလဲ ရှိမယ်။ ရိုင်းတာလဲ ရှိမယ်။ ယဉ်တာလဲ ရှိမယ်။ ဒါပေမယ့် သူက အမှန်တရား။

 

ဦးဇင်းရဲ့ ဖေ့ဘုတ် ပို့စ်တွေအောက်မှာ ရေးသားကြတဲ့ ဆဲဆိုမှု အပြုသဘောမဆောင်တဲ့ ဝေဖန်ချက်တွေကို အရှင်ဘုရားက ဘယ်လိုမြင်ပါသလဲ။

ဦးဇင်အမြင်ပေါ့ ဦးဇင်းကို ပယ်ပယ်နယ်နယ် ဆဲကြပြီ။ ပုံတွေကိုလည်း ဖျက်လိုဖျက်စီး လုပ်ကြပြီ ဆိုရင် ဦးဇင်းရဲ့ သတင်းတစ်ခု ပိုစ် တစ်ခုဟာ အောင်မြင်သွားလို့ပဲ။ ဦးဇင်းက အောင်မြင်ခြင်း မအောင်မြင်ခြင်းကို အဲဒါနဲ့ တိုင်းတယ်။ များများဆဲခံရလေ ကိုယ်အောင်မြင်လေဘဲ။ အဲဒါကြောင့်မို့ ကျေးဇူးတင်ပါတယ်။

 

မကြာခင်မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲတွေအတွက် အရှင်ဘုရားရဲ့ မျှော်မှန်းချက်တွေက ဘာတွေ ဖြစ်ပါမလဲ။

 I ခေတ် ၊ YOU  ခေတ်မဟုတ်တော့ဘူးနော်။  WE  ခေတ်ကိုရောက်လာပြီ။ အားလုံး ပူးပေါင်း ဆောင်ရွက်ရမယ့်ခေတ်။ တစ်ပါတီ လက်ဝါးကြီး အုပ်တဲ့ခေတ် မဟုတ်တော့ဘူး။ ဦးဇင်းတို့ကလည်း တစ်ပါတီ လက်ဝါးကြီးအုပ်တဲ့ခေတ်ကို  မလိုလားတော့ဘူး။ အဲတော့ ဦးဇင်းတို့တွေက အရောင်းသွေး စုံလင်တဲ့ ပြည်သူလူထု အမှန်တကယ် ရွေးကောက်တင်မြှောက်တဲ့ အမတ်တွေအားလုံး အရပ်သားအမတ် အပြည့်အ၀ လွှတ်တော်ထဲ ရောက်ဖို့ပဲ မျှော်လင့်တယ်။ သူတို့တွေက တင်မြောက်တဲ့ အစိုးရဆိုရင် ပါတီစုံလင်တယ်။ အရောင်သွေး စုံလင်တယ်။ ဒါဆိုရင် ပါတီကြီးတစ်ခု အာဏာတည်မြဲနေလည်း ကျန်တဲ့ပါတီလေးတွေကို လက်ဝါးကြီး အုပ်လို့ မရဘူး။ အတိုက်အခံပါတီ နိုင်သွားရင်လည်း ဒီအတိုက်အခံပါတီကို ကျန်တဲ့ပါတီတွေက ထိန်းကျောင်းလို. ရတယ်။ အဲတော့ ဦးဇင်းတို့က ပါတီစုံ ဒီမိုကရေစီကိုပဲ မျှော်လင့်တယ်ပေါ့။ ခွပ်ဒေါင်းဆိုတာကတော့ တိုက်စစ်မှူးရဲ့ သင်္ကေတပေါ့။ ဘောလုံးသင်းတစ်သင်းမှာ တိုက်စစ်မှူး မရှိလို့ မဖြစ်ဘူး။ ကဒေါင်းဆိုတာ ခံတပ်မှုးရဲ့ သင်္ကေတပေါ့။

ဘောလုံးသင်း တစ်သင်းမှာ ခံတပ်ဆိုတာ လိုအပ်တယ်။ ခြင်္သေ့ဆိုတာ တကယ်တမ်းတော့ တောဘုရင်ပေါ့။ ခွပ်ဒေါင်းတွေ၊ ကဒေါင်းတွေအတွက် သူဟာ ဖန်တီးရှင် ဖြစ်တယ်။ အဲဒီခွပ်ဒေါင်းတွေ ကဒေါင်းတွေ ခြင်္သေ့တွေဟာလည်း ရိက္ခာ မရှိလို့ မဖြစ်ဘူး။ အဲတော့ စပါးနှံဆိုတာ သူတို့အားလုံးအတွက် ရိက္ခာပေါ့။ စပါးနှံရှိမှ အားရှိမယ်။ ရိက္ခာရှိမှ အားပြည့်မယ်။ အဲလိုပဲ ခမောက်ဆိုတာ နေပူဒဏ်ကို ကာကွယ်ဖို့၊ မိုးဒဏ် လေဒဏ်ကို ကာကွယ်ဖို့၊လုံခြုံရေးတစ်ခု အဲတော့ ပြည်သူလူထု က လေဒဏ် မိုးဒဏ်ကို ခံနိုင်ဖို့အတွက် နေပူဒဏ်ကို ခံနိုင်ဖို့အတွက် ခမောက်လဲ လိုအပ်တယ်။ တူတွေ တံစဉ်တွေ ဆိုတာလဲ အရန်အင်အား တစ်ခုပဲ။ ဒါတွေအားလုံး စုံစုံလင်လင်နဲ့ အားကစားစိတ်ဓါတ် အပြည့်အ၀ ရှိရှိနဲ့ ပြည်သူတွေက မန်နေဂျာ လုပ်မယ်။ သံဃာတွေက ထိန်းကျောင်းမယ် ဆိုလို့ရှိရင် ဒီအသင်းဟာ တကယ့်ကို အောင်ပွဲ ဆင်နိုင်မယ့် အသင်းကောင်းတစ်ကောင်း ဖြစ်သွားနိုင်တယ်ပေါ့။ အဲတော့ ဦးဇင်းက ၂၀၁၅ ရွေးကောက်ပွဲကို ဒီပုံစံပဲ မြင်ချင်တယ်။

 

NLD ပါတီဟာ နိုင်ငံတစ်ဝန်းလုံးမှာ ထောက်ခံအားပေးမှုတွေ အလုံးအရင်းနဲ့ ရခဲ့ပါတယ်။ သို့ပေမဲ့ အရှင်ဘုရားက လာမည့်ရွေးကောက်ပွဲတွေမှာ NLD ပါတီ နိုင်ဖို့ အခွင့်အရေး ကြီးကြီးမားမား မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဘာကြောင့်မို့လို့ အဲလို မိန့်ခဲ့တာပါလဲ ဘုရား။

သူတို့ကတော့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလို မျှော်လင့်နေတာပေါ့။ တကယ်တမ်းကျတော့ အဲလို ဖြစ်မလာနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ၂၀၁၂ ဒီမှာဘက်မှာ NLD သြဇာက တော်တော် ကျဆင်းသွားပြီ။ ဒါကို သိတဲ့သူလဲ ရှိပါတယ်။ မသိတဲ့သူလဲ ရှိတယ်။ ဒါကိုကြည့်လိုက်တာ။ နောက်တစ်ခုက ဦးဇင်းတို့ ပြည်နယ်တွေကို ရောက်တယ်။ ပြည်နယ်တွေက လူတွေက NLD ကို အားပေးတာ အားပေးတာပဲ။ မဲထည့်တော့ သူတို့ တိုင်းရင်းသားတွေကိုပဲ မဲထည့်တာ။ အဲတာတွေလည်း ဦးဇင်းတို့ ကြည့်တာပေါ့နော်။ ပြည်နယ် အခြေအနေတွေ လည်း ကြည့်တယ်။ နောက်တစ်ခုက ဦးဇင်းတို့  ပြည်သူတွေနဲ့ အမြဲ ထိတွေ့တယ်။ ပါတီကြီး နှစ်ခုကို စိတ်ပျက်နေတဲ့ ပြည်သူတွေ အရမ်းများတယ်။ သူတို့နှစ်ခုက လွဲရင် ဘယ်ပါတီ ထည့်ရထည့်ရဆိုတဲ့ သူတွေလည်း များတယ်။

ဒါကိုကြည့်ပြီးတော့ မဲက ဒီလို ပြားသွားမှာပေါ့နော်။ ဥပမာ ဒေါက်တာနေဇင်လတ်ပါတီလည်း အနိုင်ရနိုင်တယ်။ ကျန်တဲ့ပါတီတွေလည်း အနိုင်ရနိုင်တယ်။ တိုင်းရင်းသားပါတီတွေလည်း အနိုင်ရနိုင်တယ်။ အဲတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးလည်း သူ့အတိုင်းအတာနဲ. သူ နိုင်ဦးမှာပဲ။ ဒါကို ထောက်သောအားဖြင့် ဦးဇင်းက ၉၀ ခုနှစ် ရွေးကောက်ပွဲလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလို မဖြစ်နိုင်ဘူးလို့ ပြောတာ။ အဲဒီလို မဖြစ်နိုင်သောအားဖြင့် NLD ပါတီဟာ အစိုးရ ဖွဲ့ဖို့ မလွယ်ဘူး။ အစိုးရဖွဲ့နိုင်လောက်အောင် မနိုင်ဘူး ဒါကို ရည်ရွယ်တာပေါ့နော်။

 

အရှင်ဘုရား ရိုက်တာသတင်းဌာနနဲ့ လုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သမ္မတကြီး ဦးသိန်းစိန်ကို ထောက်ခံတယ်လို့ အတိအလင်းပြောခဲ့တယ်။ အဲဒါ ဘာကြောင့်ပါလဲ ဘုရား။

ဦးဇင်းတို့ပြည်သူတွေဟာ ပြောင်းလဲမှုကို အာသာ ငန်ငန်း လိုချင်နေကြပြီ။ အဲတာတော့ ဘယ်သူမှ ငြင်းလို့မရဘူး။ ဒါပေမယ့် အပြောင်းလဲကို ဖေါ်ဆောင်မယ့် ဒီဦးဆောင်သူတွေဟာ လောဘကို အတောမသတ်နိုင်ဘူး။ မောင်ပိုင်စီးချင်တာပေါ့။ “လဲမှ ပြောင်းနိုင်မှာ”လဲအောင် ဘယ်သူထိုးမတုန်း လဲအောင်ထိုးနိုင်တဲ့သူက NLD  တစ်ခုပဲ ရှိတယ်။ ဒါပေမယ့် ဒီ NLD က သူ သရဖူရ ဖို့ပဲ သူသေချာပေါက်တွက်တာ။ ဒါပေမယ့် ပြိုင်ဘက်ကို ဘယ်လို ထိုးသတ်ရမယ်ဆိုတဲ့ ပြင်ဆင်မှု လုံးဝမရှိဘူး။ အဲတော့ ဘယ်လို ပြောင်းလဲမှာလဲ ဒကာကြီး။ အဲဒီတစ်ချက်။ နှစ်အချက်က သူတို့တွေက ချစ်ခြင်း မုန်းခြင်းကို ရှေ့တန်းတင်လွန်းတယ်။ နိုင်ငံရေးသမားတွေရော စာနယ်ဇင်း သမားတွေရော။ ဒေါ်စုကို ချစ်တယ် ဦးသိန်းစိန် မဟုတ်ဘူး NLD   ချစ်တယ် USDP  မဟုတ်ဘူး။ ဒီနှစ်ခုတည်းနဲ့ ပဲ သူတို့ အလုပ်လုပ်နေကြတယ်။ စာနယ်ဇင်း သမားတွေ ဇောင်းပေးတဲ့ အတိုင်း သူတို့တစ်တွေ ဆက်လုပ်ကြမယ်ဆိုရင် လွှတ်တော်ထဲက စစ်သား ၂၅% ဟာ သူတို့ လက်ထက်မှာ ချက်ချင်း လက်ငင်းကို ကန်ထုတ်ခံရမှာ။

အဲဒီအချိန်မှာ လွှတ်တော်နိုင်ငံရေး တည်ငြိမ်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီအချိန်တွေမှာပြည်သူတွေဟာ အရင်စစ်အစိုးရပုံစံအတိုင်းပဲ ပြန်ခံစားရမှာ။ မြန်မာ့နိုင်ငံရေးသွားနေတဲ့ လမ်းကြောင်းဟာ အင်မတန် အန္တရယ်ကြီးတယ်။ ဦးဇင်းတို့က ဒါကြောင့်မို့ အရောင်းအသွေး စုံလင်တာကို လက်ခံတာ။ ဒီအစိုးရသွားနေတာကို ဝိုင်းပူးပေါင်း ဆောင်ရွက်ပြီးတော့ တစ်လှမ်းခြင်း လှမ်းနိုင်အောင် တစ်ချပ်ခြင်း ဖွင့်နိုင်အောင် ပန်းတိုင်ကိုမကွေ့မကောက် ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်အောင် ဒီပါတီတွေက ထိန်းကျောင်းရမယ့်အစားလှမ်းလို့မရအောင် ဝိုင်းရိုက်ချိုးနေကြတာ။ အဲတာဟာ တန့်လဲ တန့်ရပ်သွားနိုင်တယ်။ ဒုံရင်း ပြန်ရောက်သွားနိုင်တယ်။ ဒါကြောင့်မို့ ဦးဇင်းတို့က ဒီအန္တရာယ်ကြီးတဲ့ပုံစံကြီးကို လုံး၀ အားမပေးနိုင်ပါဘူး။ဦးဇင်းလည်း ပြည်သူမျက်နှာကိုဘဲ ကြည့်တယ်။ ပြည်သူတွေ စစ်အစိုးရလက်ထက်မှာ ခံစားခဲ့ရတဲ့ ဒုက္ခတွေ ဆက်လက်ပြီးတော့ မခံစားစေချင်ဘူး။ ပြန် ဒုက္ခတွင်းထဲ မကျရောက်စေချင်ဘူး။ ဒါကြောင့်မို့ ဦးဇင်းတို့က ဒီတိုင်းသွားတဲ့ ပုံဟာ အန္တရာယ် အကင်းဆုံးပဲ။ ဒီပုံစံကို ဦးဇင်းတို့က လက်ခံမယ်လို့ အတိအလင်း ကြေငြာတာ။

 

ဦးသိန်းစိန်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌဖြစ်တာကြောင့် ဦးသိန်းစိန်ကို ထောက်ခံတာဟာ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသလို ဖြစ်နေမလား ဘုရား။

ဦးဇင်းတို့က ဦးသိန်းစိန်ကို ထောက်ခံတာပဲ ရှိတာ။ ပြည်ခိုင်ဖြိုးကို ထောက်ခံတာ မဟုတ်ဘူး။ ဦးသိန်းစိန် သွားနေတဲ့ လမ်းကြောင်းဟာ ညင်သာတယ်၊ သိမ်မွေ့တယ်၊ အန္တရာယ်ကင်းတယ်။ တစ်လှမ်းချင်းသွားတယ်။ စိတ်ချရတယ်။ ဒါကိုပဲ ဦးဇင်းတို့က လက်ခံတာ။ ဒါပေမယ့် ဦးသိန်းစိန်ကို လက်ခံလို့ ပြည်ခိုင်ဖြိုး အမတ်တွေကို ကူကြပါလို့ ဦးဇင်း တစ်ခွန်းမှ မပြောဘူး။

>>> “ကျုပ်ကို သင်္ကန်းချွတ်ပြီး ထောင်ထဲပို့ခဲ့တဲ့ အစိုးရ ခေါင်းဆောင်ကို အသေအလဲ မုန်းတယ်” ဆိုတဲ့ ဦးဝီရသူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly