ရုရှ၏ စစ်ရေးကူညီမည့် ကမ်းလှမ်းချက်ကို အနောက်နိုင်ငံကျောထောက်နောက်ခံ Free Syrian Army မငြင်းပယ်ခဲ့

ရုရှ၏ စစ်ရေးကူညီမည့် ကမ်းလှမ်းချက်ကို အနောက်နိုင်ငံကျောထောက်နောက်ခံ Free Syrian Army မငြင်းပယ်ခဲ့

လန်ဒန်၊အောက်တိုဘာ ၂၆ ။         ။ ရုရှထံမှ စစ်ရေးကူညီလိုသည့် ကမ်းလှမ်းချက်ကို အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြု Free Syrian Army ကမငြင်းပယ်ခဲ့ဟု ယင်းသူပုန်အဖွဲ့ ကအောက်တိုဘာ ၂၆ တွင် ပြောကြားခဲ့သည်။ ထို့အပြင် ဆီးရီးယားရှိ ၎င်းတို့၏ စခန်းများကို ပစ်မှတ်ထားခြင်းအား မော်စကိုက ရပ်တန့်ရန် လိုအပ်နေသည်ဟု ဆိုသည်။

စက်တင်ဘာ ၃၀ကတည်းက ဆီးရီးယားရှိ အစ္စလာမ္မစ်စစ်သွေးကြွများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသော ရုရှလေတပ်သည် ယင်းသူပုန်များ မည်သည့်နေရာတွင် ရှိနေသည်ကို သိပါက ယင်းသူပုန်အုပ်စု (Free Syrian Army) ကို ကူညီရန် အသင့်ဖြစ်လိမ့်မည်ဟု အောက်တိုဘာ ၂၄ က ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ပြောကြားခဲ့သည်။

"ကမ်းလှမ်းချက်ကို ကျွန်တော်ပယ်မချခဲ့ပါဘူး။ တကယ်လို့ရုရှတွေအနေနဲ့ သူတို့ရဲ့ကမ်းလှမ်းချက်ကို အလေးအနက်ထားတယ်ဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတာတွေ၊ အရပ်ဘက်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချက်ခြင်းရပ်သင့်တယ်လို့ပဲ ကျွန်တော်တို့ ပြောခဲ့ပါတယ်"ဟု လွတ်လပ်သော ဆီးရီးယားတပ်မတော်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး အစ်ဆမ်အယ်လ်ရေးစ်က ဘီဘီစီသို့ ပြောသည်။

"အခုတော့ ကျွန်တော်တို့ အကူအညီမလိုတော့ပါဘူး။ သူတို့(ရုရှ)တွေ အနေနဲ့ ကျွန်တော်တို့ရဲ့စခန်းတွေကို တိုက်ခိုက်တာ ရပ်သင့်တယ်။ အဲဒီနောက် အနာဂတ်ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly