၂၀၂၀ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ် မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်မည်ဟု ဒေါက်တာသက်သက်ခိုင် ပြော

၂၀၂၀ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ် မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်မည်ဟု ဒေါက်တာသက်သက်ခိုင် ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။          ။ NLD ပါတီက နုတ်ထွက်၍  ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့သူ ဒေါက်တာ သက်သက်ခိုင်သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဇန်နဝါရီလ ၁၁ ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော ပြည်သူရှေ့ဆောင်ပါတီ၏ ဒုတိယအကြိမ် သတင်းစာ ရှင်းလင်း ပွဲတွင် ပြောခဲ့သည်။

ဒေါက်တာ သက်သက်ခိုင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဖြစ်သည်။

ဒေါက်တာ သက်သက်ခိုင်က “ ကျွန်မက အခု ဒဂုံမြို့နယ်မဲဆန္ဒနယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဖြစ်တော့ ဒဂုံမြို့သူ၊ မြို့သားတွေ၊ ဒဂုံမြို့နယ်က မဲဆန္ဒရှင်တွေ ကျွန်မအပေါ်နားလည်မှုရှိကြတယ် ကျွန်မ ငါးနှစ်အတွင်း လွှတ်တော်မှာ ဘာတွေ လုပ်ခဲ့လဲ မြို့နယ်တိုးတက်ရေးအတွက် ဘာတွေလုပ်ခဲ့လဲဆိုတာ သိပါတယ်” ဟု ဆိုသည်။

ဒေါက်တာ သက်သက်ခိုင် အပါအဝင် ပြည်သူ့ရှေ့ဆောင်ပါတီမှ မြို့နယ်အသီးသီးရှိ  မဲဆန္ဒနယ် ၇၀ ပြည့်မှီ အောင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ကိုယ်စားလှယ် လောင်းများကို မြို့နယ်တစ်ခုစီကနေ အနည်းဆုံး ၃ ယောက်မှ အများဆုံး ၄ ယောက်အထိ ပထမအဆင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ်ရှိ လူထု လေးစားထိုက်သော ပုဂ္ဂိုလ်များကို ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးကော်မတီက ဦးစားပေး ရွေးချယ်သွားမည် ဖြစ် ကြောင်း သိရသည်။

ပါတီ၏ သဘာပတိ ဦးမြင့်မောင်ထွန်းက “ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂလိက အဖွဲ့အစည်း ကဏ္ဍ အသီးသီးမှာ အုပ်ချုပ်ရေး လုပ်ငန်း အတွေ့အကြုံရှိတဲ့သူ၊ ဗဟုသုတရှိတဲ့ သူတွေကို ကျွန်တော်တို့ ဦးစားပေး ရွေးချယ်သွားမည်”ဟု ဆိုသည်။

ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းများကို တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းကာ ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွင် အဓိကထား ယှဉ်ပြိုင်သွားမည်ဟု ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ဆိုသည်။

လက်ရှိ ပြည်သူရှေ့ဆောင်ပါတီ အနေဖြင့် မြို့နယ်အလိုက် ဖွင့်လှစ်ထားမည့် ပါတီရုံးခွဲများကနေ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ခေါ်ယူထားပြီး စာရင်း တင်သွင်းထားသော ကိုယ်စားလှယ် လောင်းများကိုလည်း စိစစ်နေကြောင်း သိရသည်။

ဒေါက်တာ သက်သက်ခိုင်က “အချိန်က အကန့်အသတ ်ရှိတဲ့အတွက် ကျွန်မတို့က အရေအတွက်ထက် အရည် အချင်းကို ဦးစားပေးမယ် လွှတ်တော်ထဲကို ရာခိုင်နှုန်း ဘယ်လောက် ဝင်သွားဖို့ရှိလည်း ဆိုတာကတော့ ပြည်သူ တွေရဲ့ ရွေးချယ်မှု အပေါ်မှာ မူတည်ပါတယ် ကျွန်မတို့ကတော့ အကောင်းဆုံး တည်ထောင်နေပါတယ်” ဟု ဆိုသည်။

ပြည်သူလူထု တစ်ရပ်လုံး၏ စားဝတ်နေရေး အဆင်ပြေရန်  ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် အဓိကထား လုပ်ဆောင် သွားရန် မူဝါဒ ချမှတ်ထားကြောင်း သိရသည်။

ပြည်သူရှေ့ဆောင်ပါတီကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင် တည်ထောင်ခွင့်ရခဲ့ပြီး  လက်ရှိမှာ ပါတီရုံးခွဲ ၈ ခုကို ဖွင့်လှစ်ထားကာ ပါတီအင်အား ၁၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly