အိုမန်နိုင်ငံဘုရင်သစ်အဖြစ် ဟေသမ်ဘင်တာရစ် ကျမ်းသစ္စာကျိန်ဆို

အိုမန်နိုင်ငံဘုရင်သစ်အဖြစ် ဟေသမ်ဘင်တာရစ် ကျမ်းသစ္စာကျိန်ဆို

ဇန်နဝါရီ ၁၁ ။                     ။ သေဆုံးသွားသည့် အိုမန်နိုင်ငံဘုရင် ကဘူး၏ နေရာတွင် ၎င်း၏ ညီဝမ်းကွဲတော်စပ်သူ ယဉ်ကျေးမှုဝန်ကြီး ဟေသမ်ဘင်တာရစ် မှ အိုမန်နိုင်ငံ ဘုရင်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုကြောင်း အစိုးရက ဇန်နဝါရီ ၁၁ ရက်က ထုတ်ပြန်ကြေညာသည်။

အသက် ၆၅ နှစ်အရွယ်ရှိ  ဟေသမ်ဘင်တာရစ် သည် ဘုရင်၏ အကြံပေးတစ်ယောက်လည်းဖြစ်ပြီး တော်ဝင်မိသားစုဝင်များမှ ဆုံးဖြတ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ခေတ်သစ်အာရပ်ကမ္ဘာတွင် သက်တမ်းအရှည်ကြာဆုံး အုပ်စိုးခဲ့သည့် အိုမန် စူလတန်ဘုရင် ကဘူးဆာအိဒ် အယ်လ် ဆာအိဒ် သည် ဇန်နဝါရီ ၁၀ ရက်က ကွယ်လွန်သွားခဲ့ပြီး ယင်းနိုင်ငံတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၃ ရက်ကြာ အောက်မေ့ဖွယ်နေ့သတ်မှတ်ထားသည်။

စူလတန်ကဘူးသည် ၁၉၇၀ ခုနှစ်က ဖခင်ထံမှ အာဏာလု ထီးနန်းသိမ်းပြီးနောက် အူမကြီးကင်ဆာခံစားနေရကာ အချိန်အတော်ကြာ နေမကောင်းဖြစ်နေခဲ့သည်။ ကဘူးသည် အိမ်ထောင်မရှိ ညီအစ်ကိုမောင်နှစ်မအရင်းအချာလည်းမရှိသောကြောင့် တိုက်ရိုက်အရိုက်အရာဆက်ခံမည့်သူမရှိပေ။

စူလတန်ဘုရင်စည်းမျဉ်းစည်းကမ်းများအရ အဖွဲ့ ၅၀ ပါသည့် တော်ဝင်မိသားစုကောင်စီသည် ထီးနန်းလွတ်ပြီး သုံးရက်အတွင်း ဘုရင်သစ်ရွေးချယ်ရသည်။ မိသားစုဝင်များမှ သဘောမတူပါက ကာကွယ်ရေးကောင်စီ၊ တရားသူကြီးများ၊ အကြံပေးကောင်စီနှင့်အစိုးရကောင်စီတို့မှ ဘုရင် ကဘူးလျှို့ဝှက်စွာရွေးချယ်ထားသည့် ချိပ်ပိတ်စာအိတ်ကိုဖောက်ပြီး ထိုသူအား နန်းတင်ရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly