ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် ရက်ထွက်ပေါ် လှေလှော်ကစားနည်းများ ပါ၀င်လာခြင်းမရှိ

ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် ရက်ထွက်ပေါ် လှေလှော်ကစားနည်းများ ပါ၀င်လာခြင်းမရှိ

အောက်တိုဘာ ၂၆၊ ရန်ကုန်။           ။ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည်ဖြစ်ပြီး မလေးရှားဆီးဂိမ်းပြိုင်ပွဲကို ၂၀၁၇ ခုနှစ် သြဂုတ် ၁၉ ရက်မှ ၃၁ ရက်ထိ ကျင်းပသွားမည်ဟု မလေးရှား အိုလံပစ်ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၇ မလေးရှားဆီးဂိမ်း ပိတ်ပွဲအခမ်းအနားကျင်းပမည့် သြဂုတ်လ ၃၁ ရက်နေ့မှာ မလေးရှားနိုင်ငံ၏ နှစ် ၆၀ ပြည့် အမျိုးသား လွတ်လပ်ရေးနေ့ဖြစ်သည်။

ထို့ကြောင့် အိမ်ရှင်မလေးရှားနိုင်ငံအနေဖြင့် မလေးရှားနိုင်ငံ၏ နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့နှင့် ၂၀၁၇ မလေးရှားဆီးဂိမ်း ပိတ်ပွဲအခမ်းအနားနှစ်ခုကို တစ်ပြိုင်နက်တည်း ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစား နည်း ၃၉ နည်း ထည့်သွင်းကျင်းပရန် လျာထားပြီး မြန်မာနိုင်ငံမှ အားသာသည့် ရိုးရာလှေ၊ အပြည်ပြည်ဆိုင်ရာလှေနှင့် ကနူး၊ ကယ် လှေလှော်ကစားနည်းများ ပါဝင်လာခဲ့ခြင်းမရှိသေးပေ။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လှေလှော် ကစားနည်းများ မလေးရှားဆီးဂိမ်းတွင် ပါဝင်လာစေရန် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီသို့ တင်ပြသွားမည်ဟု အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က မဇ္ဈိမသို့ ပြောထား သည်။

မလေးရှားဆီးဂိမ်းတွင် ထည့်သွင်းကျင်းပရန် လျာထားသော အားကစားနည်း ၃၉ နည်းမှာ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ ကြက်တောင်၊ စက်ဘီး၊ ကာယဗလ၊ နက်ဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာ၊ ဘောလုံး၊ ဘော်လီ ဘော၊ မြင်းစီး၊ ကျွမ်းဘား၊ ဂေါက်၊ ရေခဲပြင်ဟော်ကီ၊ ဟော်ကီ၊ ကရာတေး၊ ခရစ်ကတ်၊ ဓါးခုတ်၊ Lawn bowls၊ ရေခဲပြင် စကိတ်၊ မြားပစ်၊ သေနတ်ပစ်၊ ရွက်လှေ၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ စားပွဲတင်တင်းနစ်၊ ပိုလို၊  ရူဘီ၊ ပိုက်ကျော်ခြင်း၊ ဝါးတား စကီး၊ squash ၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘိုးလင်း၊ လက်ဝှေ့၊ သုံးမျိုးစုံ၊ ဝူရှူး၊ ဂျူဒို တို့ဖြစ်ကြသည်။

အိမ်ရှင်မလေးရှားနိုင်ငံသည် ဟော်ကီကစားနည်းတွင် ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်သည့် နိုင်ငံဖြစ်သောကြောင့် ၂၀၁၇ မလေးရှားဆီးဂိမ်းတွင် ဟော်ကီ ကစားနည်းပါဝင်သလို ရေခဲပြင်ဟော်ကီကစားနည်းကိုလည်း ထပ်မံထည့်သွင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly