၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးတွင် သတင်းယူခွင့်ရရေး ညှိနှိုင်းထားဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီပြော

၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးတွင် သတင်းယူခွင့်ရရေး ညှိနှိုင်းထားဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၀။            ။ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  သတင်းသမားများအနေဖြင့် သတ်မှတ်ထားသည့် မြို့နယ်များတွင်ပဲ သတင်းရယူခွင့် ရရှိတာမျိုးမဟုတ်ဘဲ  တစ်နိုင်ငံလုံးမှာ သတင်းရယူခွင့် ရှိစေရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)နှင့်  ညှိနှိုင်းထားကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၏ အဖွဲ့ဝင်များက  ဇန်နဝါရီ ၁၀ ရက်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် စဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

MPC ဥက္ကဋ္ဌ ဦးအုန်းကြိုင်က “သတင်းထောက် တစ်ယောက်က ရွေးကောက်ပွဲ သတင်းနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် သတင်းရယူပိုင်ခွင့် အခွင့် အရေးကို  အဲကော်မရှင် အဖွဲ့အစည်းတွေထံမှ ရယူနိုင်တယ်။

တစ်ခုရှိတယ်၊ အရင် အစိုးရပိုင်း ကတော့ ကန့်သတ်ခဲ့တယ်။ ပုံမှန်ဆိုရင် သတင်းထောက် တစ်ယောက်က ပုဇွန်တောင်မြို့နယ်မှ သတင်းယူရမယ်ဆိုရင် အဲမြို့နယ်မှာပဲ သတင်းယူ ရမယ်၊ တခြားမြို့နယ်တွေ မပါဘူး၊ အခုတော့ မဟုတ်ဘူး။ တစ်ပြည်လုံး လွတ်လွတ်လပ်လပ် သတင်းယူရပိုင်ခွင့် ရရှိအောင် လုပ်ထားတယ်” ဟု ပြောသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  သတင်းရယူမည့် သတင်းသမားများအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းပြီး သင်တန်းများ ပို့ချပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ သတင်း မီဒီယာသမားများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် စုစည်း ပြီး ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ အပါအဝင် သတင်းသမားများ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်း များကိုလည်း ပု့ိချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ(MPC)ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောသည်။

“ရွေးကောက်ပွဲအတွက် လမ်းညွန့်စာအုပ် ၊ စည်းကမ်းချက် ၊   သတင်းမီဒီယာ ဥပဒေတွေကို သတင်းထောက်တွေကို ပို့ချပေးဖို့ ၊ သင်ကြားပေးဖို့ လိုတယ်။ နယ်ပယ်အသီးသီး ၊ တိုင်းအသီးသီးမှာ ရှိကြတဲ့ သတင်း မီဒီယာ သမားတွေကို သက်ဆိုင်ရာ ပြည်နယ်၊ မြို့နယ်တွေမှ စုစည်းပြီး လမ်းညွှန် စာအုပ်နဲ့အတူ သင်တန်းတွေ ပို့ချပေးသွားမယ်။ သင်တန်း ပို့ချတဲ့ နေရာမှ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေပါသလို မီဒီယာ သင်တန်းတွေလည်း ပါတယ်။ သတင်း ရယူနည်း ၊ သတင်း တည်းဖြတ်နည်း စတဲ့ လိုက်နာရမယ့် မီဒီယာဥပဒေအရ သတ်မှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာ နိုင်အောင် ရည်ရွယ်တယ်”ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ ကာလအတွင်း  သတင်း မီဒီယာသမားများ လိုက်နာရမည့်  စည်းကမ်းများနှင့်ပတ်သက်ပြီးတော့ မြန်မာ နိုင်ငံ သတင်း မီဒီယာကောင်စီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ ပံ့ပိုးရေး နိုင်ငံတကာအဖွဲ့အစည်း(IDEA)တို့  ပူးပေါင်း၍ ဇန်နဝါရီ ၁၄ ရက်တွင် နေပြည်တော်မှာ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပသွားရန် ရှိနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required