ယူကရိန်းလေယာဉ်ကို အီရန်ဒုံးကျည်ပစ်ချဟု အနောက်ခေါင်းဆောင်များ  ပြော

ယူကရိန်းလေယာဉ်ကို အီရန်ဒုံးကျည်ပစ်ချဟု အနောက်ခေါင်းဆောင်များ  ပြော
Photo: EPA

ဇန်နဝါရီ ၁၀။             ။ ကနေဒါနိုင်ငံသား ၆၃ ဦး အပါအဝင် လူပေါင်း ၁၇၆  ဦး လိုက်ပါသော အီရန်မှ ပျံတက်သည့် ယူကရိန်းခရီးသည်တင်လေယာဉ်ကို အီရန်ဒုံးကျည်က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးသတင်း ရင်းမြစ်အသီးသီးက ညွှန်ပြနေသည်ဟု ကနေဒါဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုက ဇန်နဝါရီ ၉ ရက်တွင် ပြောသည်။

အဆိုပါ ဝန်ကြီးချုပ် ထရူဒို၏ ပြောဆိုယူဆချက်အား ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အပါအဝင် အနောက်ခေါင်းဆောင်များကလည်း ထောက်ခံသည်။

သက်သေအချက်အလက်များအရ ယင်းလေယာဉ်သည် မှားယွင်းပြီး မတော်တဆ ဒုံးကျည်ထိမှန်ခြင်းဖြစ်သည်ဟု ဖော်ပြနေကြောင်း ဘောရစ်ဂျွန်ဆင်က ဆိုသည်။

ကိဗ်သို့ ဦးတည်သော အဆိုပါ ဘိုးရင်း ၇၃၇ လေယာဉ်သည် တီဟီရန်အပြင်ဖက်၌ အရေးပေါ်ဆင်းသက်ပြီး မပေါက်ကွဲမီ အီရန်ဒုံးကျည် တစ်စင်း သို့မဟုတ် နှစ်စင်းထိမှန်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ယုံကြည်ယူဆကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက် အစောပိုင်း မှောင်ရီပျိုးပြအချိန်မှာ တီဟီရန်လေဆိပ်မှ ပျံတက်သော Flight PS 752 လေယာဉ်သည် ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပြဿနာကြုံသည့် ရေဒီယိုအချက်ပြမှု ပေးပို့ခြင်းမျိုး မရှိခဲ့ကြောင်း အီရန်အရပ်ဖက်လေကြောင်းအဖွဲ့အရ သိရသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုတွင် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါ ၆၃ ဦး၊ ယူကရိန်း ၁၁ ဦး၊ ဆွီဒင် ၁၀ ၊  အာဖဂန် ၄ ၊ ဂျာမန် ၃ ဦးနှင့် ဗြိတိန်နိုင်ငံသား သုံးဦးတို့အား တင်ဆောင်ပျံသန်းလာခဲ့ပြီး အားလုံးသေဆုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly