၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်မည်

၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်မည်
ဓာတ်ပုံ - အောင်မြတ်သူ

နေပြည်တော်။ ဇန်နဝါရီ ၉ ။          ။ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ဝင် ဦးမြင့်နိုင်ကပြောသည်။

ဇန်နဝါရီ ၉ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“ယာယီရပ်ဆိုင်းထားတာတော့ သုံးပါတီပေါ့ ။ ၉၈ထဲက သုံးပါတီဆိုတော့ ၉၅ ပါတီပေါ့။ ယာယီရပ်ဆိုင်းထားတာ ဒီတိုင်းဆိုလို့ရှိရင် ရွေးကောက်ပွဲ ဝင်ပြိုင်လို့ မရဘူး။ ကျွန်တော်တို့ လက်ရှိစိစစ်ဆဲက တည်ထောင်ဖို့ မှတ်ပုံတင် တည်ထောင်ခွင့် စိစစ်နေတာက နှစ်ပါတီရှိတယ်။ စုစုပေါင်း ငါးပါတီပေါ့ အဲ့ငါးပါတီက မှတ်ပုံတင်ကျလာတယ်ဆိုလို့ရှိရင် စုစုပေါင်းတစ်ရာပေါ့။ နိုင်ငံရေးပါတီ တစ်ရာ ဝင်ပြိုင်နိုင်ဖွယ်ရှိတာပေါ့” ဟု ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

လက်ရှိတွင် ပါတီမှတ်ပုံတင်ခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလက ပိတ်သိမ်းထားပြီ ဖြစ်သည်။ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်အားလုံးတွင် ကျင်းပရန် ပြောဆိုထားပြီး အသုံးစရိတ်အ တွက် ကျပ်ဘီလီယံ ငါးဆယ်ကိုလည်း တောင်းထားကြောင်း သိရသည်။

စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နည် တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအခြေအနေအပေါ်မူတည်ပြီး ဆောင်ရွက် သွား မည်ဟု ကော်မရှင် တာဝန်ရှိသူများက ဆိုသည်။

“ကျွန်တော်တို့ရဲ့ တာဝန်ထဲမှာလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲတွေကို ကျင်းပခြင်း ကြီးကြပ်ခြင်း မဲဆန္ဒနယ်တွေ သတ်မှတ်ခြင်း လုပ်ငန်းတာဝန်ရှိတာပေါ့ တကယ်လို့ ဒီကျင်းပတဲ့ အချိန်မှာ သဘာဝဘေးအန္တရာယ်တွေကြောင့်ဖြစ်စေ နယ်မြေလုံခြုံရေးကြောင့်ဖြစ်စေ ဒါလေးကျတော့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲများ မကျင်းပနိုင်ဘူး အဲဒီရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်တယ် ဆိုပြီး ပြဌာန်းချက်ရှိတာပေါ့။ အဲ့ဒီအတိုင်းပဲ ဆောင်ရွက်သွားမှာပါ”ဟု ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဦးမြင့်နိုင်က ပြောသည်။

လာမည့် ရွေးကောက်ပွဲကို လွတ်လပ်မှု ၊ တရားမျှတမှု ၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည် လက်ခံမှု ၊ ပြည်သူ့ဆန္ဒနှင့်ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေး စသည့် စံငါးချက်ဖြင့် ကျင်းပသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဉက္ကဋ္ဌက ပြောဆိုထားသည်။ ပြီးခဲ့သည့် ၂၀၁၉နှစ်ကုန်အထိ ကောက်ယူရရှိထားသည့် အခြေခံ မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly