ရန်ကုန်မြို့သစ်စီမံကိန်းရင်းနှီးငွေ လုပ်ငန်းအကောင်အထည်မဖော်နိုင်သေး၍ ဘဏ်တိုးများသာရရှိနေ

ရန်ကုန်မြို့သစ်စီမံကိန်းရင်းနှီးငွေ လုပ်ငန်းအကောင်အထည်မဖော်နိုင်သေး၍ ဘဏ်တိုးများသာရရှိနေ

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက်။            ။ ကြည်မြင့်တိုင်တစ်ဖက်ကမ်းတွင် တည်ဆောက်ရန်စီစဉ်ထားသော ရန်ကုန်မြို့သစ်စီမံကိန်းမှ ရင်းနှီးငွေများမှာ စစ်ဆေးချိန်အထိ လုပ်ငန်းအကောင်အထည်မဖော်နိုင်သေး၍ ဘဏ်တိုးများ သာရရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် အစီရင်ခံစာ မှသိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ဖော်ဆောင်ရန်တည်ထောင်ခဲ့သည့် ရန်ကုန်မြိုတော်သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC ) စတင်ဖွဲ့ စည်းခဲ့ သည့်အချိန်မှစ၍ ၂၀၁၈  ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ အထိ လုပ်ငန်းနှင့်စာရင်း များ ကို စစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

“ ရန်ကုန်မြို့တော်သစ်စီမံကိန်းသည့် စစ်ဆေးသည့်ကာလများတွင် ဝင်ငွေများရရှိခြင်းမရှိသေးဘဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရင်းနှီးမြုပ်နှံငွေကျပ် ၁၀ဘီလီယံ ကိုသာ ဘဏ်တွင်ထည့်သွင်းထားသဖြင့် ဘဏ်အတိုး များသာရရှိနေသည့် အခြေ အနေတွင် ရှိပါသည်” ဟု ရန်ကုန်တိုင်းစရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော်တွင် တင်ပြခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပသည့် ဇန်နဝါရီ ၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် အစီရင်ခံစာကို ဖတ်ကြားစဉ် ထည့်သွင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

NYDC  မှနေ၍ အသုံးစရိတ်အဖြစ် ၂၀၁၇ -၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှ   ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ ငွေကျပ် ၉၆ သန်းကျော်၊ ၂၀၁၈  မီနီဘတ် ဂျက်တွင် ငွေကျပ် ၁၁၈၃သန်းကျော် သုံးစွဲခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အသားတင်အရှုံးမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၀၁၈ မတ်လ ၃၁ ရက်နေ့အထိ ငွေကျပ် ၅၅သန်းကျော် နှင့် ၂၀၁၈ ဧပြီ ၄ ရက်နေ့ မှ ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့အထိ ငွေကျပ် ၇၈၉ သန်းကျော် ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းလုပ်ငန်းများသည် စစ်ဆေးချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေး သော်လည်း ထည့်ဝင်ထားငွေ၏ ၁၂.၃၈ ရာခိုင်နှုန်း သုံးစွဲထားပြီဖြစ်သည်ဟုလည်း တိုင်းစာရင်းစစ်ချုပ်က အစီရင်ခံခဲ့သည်။

“ အစိုးရရင်းနှီးငွေများ လျော့နည်းလာပြီး ဖြစ်သဖြင့် မူလရည်ရွယ် ထားသည့် စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ပါသည်” ဟု တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်လှသန်းက သုံးသပ်တင်ပြသည်။

၂၀၁၉ ခုနှစ်ထဲတွင် တိုင်းအစိုးရမှနေ၍ ‌စီမံကိန်းအကောင်အထည်ဖော်မည့် နေရာများအတွက် မြေယာလျော်ကြေးငွေများကို ပေးအပ်ခဲ့သေးသည်။

ကျပ်ငွေ ၇ ဘီလျံကျော် မြေယာလျော်ကြေးတွေပေးအပ်ထားပြီး နောက်ထပ် ကျပ်ငွေ ၃၀ ဘီလျံကျော် ထပ်လျော်ဖို့ ပြင်ဆင်နေပြီး လာမယ့် ဧပြီလတွင် ကျပ်ငွေ ဘီလျံ ၂၀၀ အထိ လျော်ပေးဖို့ရှိသည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောဆိုထားသည်။

ကြည့်မြင်တိုင် တဘက်ကမ်းက မြေဧက ၃ သောင်းကျော်မှာ အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တိုင်းအစိုးရအဖွဲ့က တည်ထောင်ထားသည့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ NYDC က တရုတ်နိုင်ငံ CCCC (စီလေးလုံး)ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေသည်။

ရန်ကုန်မြို့သစ်၏ Master Plan ကို လူဦးရေ ၁ ဒသမ ၂ သန်းအတွက် လုံခြုံမှုရှိပြီး နေချင်စဖွယ်အပြည့်ရှိသည့် မြို့ပြစီမံကိန်း တစ်ခုအဖြစ် ရေးဆွဲရုံသာမက ၂၀၅၀ ပြည့်နှစ်တွင် အလုပ်အကိုင်ပေါင်း ကိုးသိန်းဖန်တီးနိုင်ရေး ရည်ရွယ်ချက်ကိုပါ ထည့်တွက်ပြီး ရေးဆွဲထားကြောင်း သိရသည်။

ဒီစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် သြဂုတ်လမှာ မြို့တော်ဝန်ဟောင်း ဦးလှမြင့်က တင်ပြခဲ့ခြင်းဖြစ်ကာ ကုမ္ပဏီ ၃ခုကို လုပ်ပိုင်ခွင့်ချပေးခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ်များ ဝိုင်းကန့်ကွက်တာ ကြောင့် ရပ်နားခဲ့ရတာဖြစ်ပြီး NLD အစိုးရလက်ထက်တွင် ပြန်လည်အကောင်အထည်ဖော် နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly