ဗိုလ်ချုပ်ရုပ်ပုံပါ ၁၀၀၀ တန် ထုတ်ပြီးနောက်ပိုင်း ဘတ်ငွေဈေးနှုန်း အနည်းအငယ် ပြောင်းလဲမှုရှိ

By မိုင်းယိုင်နီ၊ မီမြာ
09 January 2020
ဗိုလ်ချုပ်ရုပ်ပုံပါ ၁၀၀၀ တန် ထုတ်ပြီးနောက်ပိုင်း ဘတ်ငွေဈေးနှုန်း အနည်းအငယ် ပြောင်းလဲမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက်။           ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ကျပ် ၁၀၀၀ တန် ထုတ်ပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ မြဝတီ-မဲဆောက် နယ်စပ်တွင် ထိုင်းဘတ်ငွေ ဈေးနှုန်း အနည်းအငယ် ပြောင်းလဲမှု ရှိခဲ့သည်ဟု ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေကျပ် ၁၀၀၀ တန်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေ ဖြန့်ချိခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက "ကျွန်တော်တို့ နိုင်ငံက ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူမရှိတာ ကြာပြီလေ၊ အခုမှ ပြန်ပေါ်လာပြီးဆိုတော့ တဖက်နိုင်ငံ ထိုင်းက လေးစားသွားတာပေါ့။ စီးပွားရေးသမားတွေက အဲဒီပုံကို တွေ့ပြီးတော့ ဘတ်ဈေးနှုန်းလည်း အနည်းအငယ် ပြောင်းလဲမှုရှိသွားတယ်" ဟု ပြောသည်။

ပုံ -  EPA မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ပေါက်ကို တွေ့ရစဉ်။

မြဝတီမြို့တွင် ကုန်ရောင်း ကုန်ဝယ်လုပ်ကိုင်နေသူ ကိုထက်အောင်ကိုက အီရန်နှင့် အမေရိကန်၏ စစ်ရေး တင်းမာ မှုကြောင့် ဘတ်ငွေဈေနှုန်း အတက်အကျ ဖြစ်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“ အီရန်နဲ့ အမေရိကန် စစ်ဖြစ်မယ်ဆိုတော့ မနေ့ညနေက မြန်မာငွေ ၁၀၀ ကျပ်ကို ဘတ်ငွေ ၂ ဘတ် နဲ့ ၉ ပြားခွဲ ရှိတယ်။ စစ်မဖြစ်တော့ဘူး အနေအထားရောက်တော့ ၂ ဘတ်နဲ့ ၈ ပြား ဖြစ်သွားတယ်။ တစ်ပြားခွဲ ပြန်တက်လာတယ်” ဟု ၎င်းက ပြောသည်။

မြဝတီမြို့တွင် ဇန်နဝါရီ ၈ ရက်က ငွေလဲနှုန်းသည် ၁ ဘတ်လျှင် မြန်မာငွေ ၄၇ ကျပ်ဖြစ်ပြီး ယနေ့ (ဇန်နဝါရီ ၉ ရက်)တွင် ငွေလဲနှုန်းမှာ ၄၈ ကျပ်ဖြစ် သွားကြောင်း သိရသည်။

အဆိုပါ ထိုင်း ဘတ်ငွေဈေးနှုန်း အပြောင်းအလဲသည် ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်းက စတင် ဖြစ်ပွားခဲ့ရာ ဇန်နဝါရီ ၉ ရက်မှာတော့ ပြန်လည် တက်လာကြောင်း မြဝတီမြို့ခံများက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly