အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အနီး အင်ဒိုနီးရှား တိုက်လေယာဉ်နှင့် စစ်သင်္ဘောများ တပ်ဖြန့်

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အနီး အင်ဒိုနီးရှား တိုက်လေယာဉ်နှင့် စစ်သင်္ဘောများ တပ်ဖြန့်

ဂျကာတာ၊ ဇန်နဝါရီ ၉။            ။ တရုတ်ပိုင်ရေယာဉ်များသည် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း ကျူးကျော်ဝင်ရောက်လာခဲ့သောကြောင့် တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေး ကတောက်ကဆတ်ဖြစ်လာပြီးနောက်ပိုင်း အင်ဒိုနီးရှားက တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကို အဆိုပါရေပိုက်နက်အနီး၌ ကင်းလှည့်ရန် တပ်ဖြန့်ချထားသည်။

တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့က သူပိုင်ငါပိုင် အငြင်းပွားနေကြခြင်းဖြစ်သည်။ ထိုပိုင်နက်နှင့်ကပ်လျက်ရှိသည့် နာတူနာကျွန်း တစ်ဝိုက် ငါးဖမ်းဧရိယာဆီသို့ ဇန်နဝါရီ ၈ ရက်က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို လာရောက်ကြည့်ရှုခဲ့သည်။

အင်ဒိုနီးရှားစစ်တပ်သည် ဝီဒိုဒို ခရီးစဉ်မတိုင်မီ စစ်သင်္ဘော ၈ စီးနှင့် တိုက်လေယာဉ် ၄ စင်းတို့ကို တပ်ဖြန့်ချထားကာ ထိုဒေသအပေါ် အချုပ်အခြာအာဏာပိုင်ကြောင်း ပြသခဲ့သည်။

ကမ်းခြေစောင့်တရုတ်ရေယာဉ်တစ်စီးကိုလည်း တွေ့မိကြောင်း အင်ဒိုနီးရှားဘက်မှပြောသည်။

အင်ဒိုနီးရှားသည် ၎င်းတို့ရေပိုင်နက်အတွင်း နိုင်ငံရပ်ခြားမှရေယာဉ်များသွားလာနေမှုကြောင့် ပိုက်နက်လုံခြုံစေရန် ပုံမှန်ကင်းလှည့်မှုများလုပ်ဆောင်ခဲ့ပြီး လာမည့် ဇန်နဝါရီ ၁၀ ရက်၌ ကြည်း၊ ရေ၊ လေ တပ်များမှ စစ်သည်အင်အား ၆၀၀ ကျော်ကို နာတူနာကျွန်း၌ တပ်ဖြန့်ချထားမည်ဟု ဆိုသည်။

ပြီးခဲ့သည့်အပတ်က အင်ဒိုနီးရှားရှိ တရုတ်သံအမတ်ကြီးအား အစိုးရမှဆင့်ခေါ်ပြီး ဒီဇင်ဘာ လလယ်က အဆိုပါကျွန်းအနီး တရုတ်ငါးဖမ်းလှေများကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်များက စောင့်ရှောက်ပေးနေမှုအပေါ်  ဆန့်ကျင်ပြောခဲ့သေးသည်။  ထိုကိစ္စဖြစ်ပြီးနောက်ပိုင်း အငြင်းပွားနေသည့်ရေပိုက်နက်အနီး ယခုကဲ့သို့ တပ်ဖြန့်ချထားများလုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly