ဇန်နဝါရီ ၈။ ။ အမေရိကန်၏ လက်ချက်ဖြင့် အီရန်ထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးပြီးနောက် ဒေသတွင်း တင်းမာမှုမြင့်တက်လျက်ရှိစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ရန်သူတော် အီရန်အနေဖြင့် အစ္စရေးကို တိုက်ခိုက်လာပါက အဖက်ဖက်က ထိုးနှက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်တွင် သတိပေးပြောဆိုသည်။
“ကျွန်တော်တို့ကို တိုက်ခိုက်တဲ့ မည်သူမဆို အဖက်ဖက်ကနေ ထိုးနှက်တိုက်ခိုက်တာကို ကြုံရမျှာ ဖြစ်တယ်။”ဟု ဝန်ကြီးချုပ်နေတန်ယာဟုက ဂျေရုဆလင်က သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောသည်။
အီရန်ဗိုလ်ချုပ်ကြီး ကျဆုံးရခြင်းကို လက်တုံ့ပြန်ပြီး အီရတ်ရှိ အမေရိကန်တပ်များကို အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆင်နွဲပြီးနောက်တွင် နေတန်ယာဟုက သတိပေးလာခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးသော အီရန်တော်လှန်ရေးအစောင့်တပ် နိုင်ငံခြားတပ်ရပ်မှူးချုပ် ကာဆမ်သည် အကြမ်းဖက်ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟုလည်း နေတန်ယာဟုက ပြောဆိုခဲ့သည်။