လက်နက်ကိုင်ပြီး ဖြေရှင်းချက်အသစ်ကို စိတ်ကူးယဉ်ခြင်းက နိုင်ငံပြဿနာကို မဖြေရှင်းနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

လက်နက်ကိုင်ပြီး ဖြေရှင်းချက်အသစ်ကို စိတ်ကူးယဉ်ခြင်းက နိုင်ငံပြဿနာကို မဖြေရှင်းနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ဇန်နဝါရီ ၈။              ။ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက်အသစ်များကို စိတ်ကူးယဉ်တာမျိုးများက နိုင်ငံပြဿနာ များကို ဖြေရှင်း၍ မရနိုင်ဘူးဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးကို ဇန်နဝါရီ ၈ ရက်က နေပြည်တော်မှာ ကျင်းပစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားခြင်း ဖြစ်သည်။

"နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကနေ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းသည်သာ လက်တွေ့ကျပြီး ထိရောက်နိုင်မယ်ဆိုတာ သင်ခန်းစာ ရရှိခဲ့ကြပြီး ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ လက်နက်ကိုင် တိုက်ခိုက်မှုတွေ များလာတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း ကျွန်မတို့ အနေနဲ့ သတိပေးချင်ပါတယ်။ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက် အသစ်တွေကို စိတ်ကူး ယဉ်တာမျိုးတွေနဲ့ ကျွန်မတို့ နိုင်ငံပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ပါဘူး"ဟု ၎င်းက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် ကိစ္စနှင့်ပတ်သက်၍ ရေးထိုးထားသည့် အစုအဖွဲ့များအားလုံး မျှဝေကာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြရန်လိုအပ်ကြောင်းလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

 "ဒီစာချုပ်ထဲကမှ ကိုယ်ကြိုက်တာကိုပဲ ယူမယ်၊ ကိုယ်မကြိုက်တာ မယူဘူး၊ ကိုယ်သဘောကျတဲ့ အပိုင်းကိုပဲ အကောင်အထည်ဖော်မယ်၊ သဘောမကျရင် အကောင်အထည် မဖော်ဘူးဆိုတာ မျိုးတွေကို ရှောင်ကြဉ်ကြဖို့ ကျွန်မအနေနဲ့ သတိပေးလိုပါတယ်။ အစုအဖွဲ့တစ်ဖွဲ့ဖွဲ့က ဒီလိုပုံစံမျိုး လိုချင်တာကိုပဲ ကွက်ပြီးယူမယ်၊ မကြိုက် တာဆိုရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့ အစုအဖွဲ့တွေ အားလုံးမှာလည်း အခက်အခဲတွေ ဖြစ်လာစေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက် ဖြစ်ပေါ်လာစေနိုင်ပါတယ်။ စာချုပ်ပေါ်မှာ ရေးထိုးထားတဲ့ လက်မှတ်တွေဟာ ကတိသစ္စာ တည်ကြည်မှုနဲ့ မှန်ကန်ဖြောင့်မတ်မှုကို ကိုယ်စားပြုပါတယ်"ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က JICM သည် NCA စာချုပ်၏ အမြင့်ဆုံး ယန္တရား ဖြစ်သည့်နှင့်အညီ တစ်နှစ်ကျော်ကြာ တည်ရှိနေသည့် တစ်ဆို့မှုများ ဖြေရှင်း ပေးနိုင်မည့် နည်းလမ်းများကို ယခု အစည်းအဝေးကနေ ချမှတ်ပေးရမှာ ဖြစ်ပါကြောင်း ဆိုသည်။

“ တစ်ဆို့မှုကျော်လွှားရေး နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေအတွက် ဆွေးနွေးညှိနှိုင်းရမယ့် အကြောင်းအရာတွေကို JICM ကနေ ချမှတ်အတည်ပြုပေးမှာဖြစ်ပါတယ်။ နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေ တရားဝင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရေးအတွက် လမ်းဖွင့်ပေးရမှာ ဖြစ်ပါတယ်။ ၂၀၂၀ နှစ်လယ်လောက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးကို ဦးတည်ပြီး လုပ်ငန်း အစီအစဉ် အဆင့်ဆင့် ကို ချမှတ်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်”ဟု ၎င်းက JICM အစည်းအဝေး အမှာစကားပြောစဉ် ထည့် ပြောခဲ့သည်။

ဇန်နဝါရီ ၈ ရက်နေ့က ကျင်းပသည့် JICM အစည်းအဝေးသည် တစ်နှစ်ကျော်ကြား မကျင်းပနိုင်ဘဲ ဖြစ်နေသည့် ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းသော အစည်းအဝေး ဖြစ်သည်။

အဆိုပါ JICM အစည်းအဝေးသို့ အစိုးရဘက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တက်ရောက်ခဲ့သလို လက်နက်ကိုင် အဖွဲ့များ ဘက်က NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်ဖွဲ့(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) စသည့် လက်နက်ကိုင် အဖွဲ့များ လက်မှတ်ထိုးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly