အီရန်နျူကလီးယားဓာတ်အားပေးစက်ရုံအနီး ပြင်းအား ၄ ဒသမ ၅ ရှိ မြေငလျင်လှုပ်

အီရန်နျူကလီးယားဓာတ်အားပေးစက်ရုံအနီး ပြင်းအား ၄ ဒသမ ၅ ရှိ မြေငလျင်လှုပ်

တီဟီရန်၊ ဇန်နဝါရီ ၈  ။                     ။အီရန်နိုင်ငံ ဘိုရာဂျန်မြို့ ဘူရှဲနျူကလီးယားဓာတ်အားပေးစက်ရုံမှ ကီလိုမီတာ ၅၀ (မိုင် ၃၀) ခန့်အကွာ၌ ဒီကနေ့ (ဇန်နဝါရီ ၈ ရက်)   ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်းသိရသည်။

ငလျင်သည် ဘိုရာဂျန်မြို့ အရှေ့တောင်ဘက် ၁၇ ကီလိုမီတာအကွာဝေးရှိ  မြေအောက် ၁၀ ကီလိုမီတာအနက်၌ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၉ မိနစ်က လှုပ်ခတ်သွားသည်ဟု အမေရိကန်ဘူမိဗေဒစောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါငလျင်သည်  အီရန်နိုင်ငံ၏တစ်ခုတည်းသော ဘူရှဲနျူကလီးယားစက်ရုံအနီးတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်အစိုးရသတင်းဌာန IRNA က ဆိုသည်။ အပျက်အစီးနှင့် လူအသေအပျောက်သတင်းများကိုမူ မကြားရသေးပေ။

ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ဘူရှဲနျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားက အပြီးသတ်တည်ဆောက်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာက တရားဝင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်ကလည်း ရုရှားနှင့်အီရန်ကုမ္ပဏီများသည် ဘူရှဲ၌ နောက်ထပ် ၁၀၀၀ မဂ္ဂဝပ်ထုတ်လုပ်နိုင်သည့် ဓာတ်ပေါင်းဖိုနှစ်ခုကို စတင်ဆောက်လုပ်ခဲ့ပြီး ၁၀ နှစ်အကြာတွင် အပြီးသတ်နိုင်မည်ဟု မျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly