ထိုင်းနိုင်ငံသို့ တရားမဝင် ၀င်ရောက်မှုဖြင့် နိုင်ငံခြားသား ထောင်ပေါင်းများစွာ တရားစွဲခံရ

ထိုင်းနိုင်ငံသို့ တရားမဝင် ၀င်ရောက်မှုဖြင့် နိုင်ငံခြားသား ထောင်ပေါင်းများစွာ တရားစွဲခံရ

ဘန်ကောက်၊ အောက်တိုဘာ ၂၆ ။               ။ အောက်တိုဘာ ၂၅က ပြီးဆုံးခဲ့သော သီတင်းတစ်ပတ်ကြာ ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုအတွင်း နိုင်ငံခြားသား ၉,၀၀၀ကျော်ကို ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲခဲ့သည်။ ၎င်းတို့အနက် လေးဦးမှာ နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေသည်။

ဖမ်းဆီးခဲ့သည့် နိုင်ငံခြားသား ၉,၂၆၅ဦးအနက် ၉,၀၃၈ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၇၉အရလည်းကောင်း၊ ၁၈ဦးကို ပြစ်မှုဆိုင်ရာဥပဒေအရလည်းကောင်း၊ ၂၀၉ ဦးကိုအခြားဥပဒေများဖြင့်လည်းကောင်း တရားစွဲဆိုထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖမ်းဆီးခံသူများတွင် လိမ်လည်မှုများဖြင့် နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)က အလိုရှိနေသော အသက် ၂၃ နှစ်အရွယ်ရှိ ရုရှားလူမျိုးတစ်ဦးဖြစ်သူ ခရစ္စတီနာမွန်ကာ ကိုလည်း အောက်တိုဘာ ၂၁က ဖမ်းဆီးခဲ့သည်။

လိမ်လည်မှုများဖြင့်ပင် အင်တာပိုလ်က အလိုရှိနေသည့် အသက် ၂၄အရွယ်ရှိ ရုရှားတစ်ဦးဖြစ်သူ ဂရီဂိုရီလီယက်စကော့ဗ်ကိုလည်း ခရစ္စတီနာနှင့် အတူဖမ်းဆီးခဲ့သည်။

ရုရှားတွင် ဘဏ်မန်နေဂျာတစ်ဦးအဖြစ် ဆောင်ရွက်စဉ် ခရစ္စတီနာသည် အပ်နှံထားသူတစ်ဦးထံမှ ဘတ် ၄သန်း( အမေရိကန်ဒေါ်လာ ၁၁၂,၀၀၀)ကို သူမ၏လျှို့ဝှက်ဘဏ်စာရင်းသို့ လည်းကောင်း၊ ဘတ်ငွေ ၉၄၅,၀၀၀ကို ဂရီဂိုရီ၏ ဘဏ်စာရင်းသို့လည်းကောင်း လွှဲပြောင်းခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ရုရှားရဲတပ်ဖွဲ့က ဖမ်းဝရမ်းများထုတ်ကာ ၎င်းတို့၏ပတ်စ်ပို့မျာကို ဖျက်သိမ်းခဲ့ပြီး ဖမ်းဆီးနိုင်ရေးအတွက် အင်တာပိုလ်ထံ အကူအညီတောင်းခဲ့သည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို ရဲတပ်ဖွဲ့က ၎င်းတို့ကို ပတ္တယားတွင် ဖမ်းဆီးခဲ့သည်။ စာရွက်စာတမ်းများအတုပြုလုပ်မှုဖြင့် ရဲတပ်ဖွဲ့ကအလိုရှိနေသော အသက် ၃၂နှစ်အရွယ် အက်ဂ်ဘော်ဘဲလ်အဲမ်က်ပေါ့အေတားနှင့် အသက် ၂၈ နှစ်အရွယ် ချန်ဆယ်လင်းငင်ဝီ ဆိုသူ ကင်မရွန်းနိုင်ငံသားနှစ်ဦးကိုလည်း အောက်တိုဘာ ၂၄ကဖမ်းဆီးခဲ့သည်။

တရားမဝင် အွန်လိုင်းလောင်းကစားမှုဖြင့် တောင်ကိုရီးယားရဲတပ်ဖွဲ့က အလိုရှိနေသော အသက် ၃၄ နှစ်အရွယ် တောင်ကိုရီးယားသား မင်းဝူးချိုကိုလည်း အောက်တိုဘာ ၂၄ကဖမ်းဆီးခဲ့သည်။

ရနောင်းလူဝင်မှုစစ်ဆေးရေးဂိတ် တံဆိပ်တုံးအတုအသုံးပြုမှုဖြင့် အလိုရှိနေသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် အသက် ၄၇နှစ်အရွယ် မျိုးကြည်ကိုလည်း အောက်တိုဘာ ၂၆က သုဝဏ္ဏဘူမိလေဆိပ်တွင် ဖမ်းမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly