ကုလားအုတ်အကောင်ရေ ၁၀၀၀၀ ကျော်အား ဩစတြေးလျစစ်တပ်မှ ကူညီသုတ်သင်မည်

ကုလားအုတ်အကောင်ရေ ၁၀၀၀၀ ကျော်အား ဩစတြေးလျစစ်တပ်မှ ကူညီသုတ်သင်မည်

ဆစ်ဒနီ၊ ဇန်နဝါရီ ၈။          ။ ဩစတြေးလျရှေးလူမျိုးများနေထိုင်သည့် နိုင်ငံတောင်ပိုင်း  APY (Anangu Pitjantjatjara Yankunytjatjara) ဒေသတွင် သောက်ရေရှာသည့် ကုလားအုတ်များ လူနေရပ်ကွက်အတွင်းသို့ ဝင်ရောက်လာသည့်အတွက် အကောင်ရေ ၁၀၀၀၀ ကျော်အား  ဇန်နဝါရီ ၈ ရက်တွင် ဩစတြေးလျစစ်တပ်မှ ကူညီသုတ်သင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးလူမျိုး တိုင်းရင်းသား ၂၃၀၀ ခန့်နေထိုင်သည့် APY ဒေသရှိ ကုလားအုတ်များကို ဩစတြေးလျစစ်တပ်မှ လက်ဖြောင့်သေနတ်သမားများက  ရဟတ်ယာဉ်များပေါ်မှ ပစ်ခတ်သွားမည်ဖြစ်ပြီး ပထမဆုံးအသုတ်အဖြစ် ၅ ရက်ခန့်အချိန်ယူ ပစ်ခတ်သုတ်သင်သွားမည်ဟု ဆိုသည်။

 ဩစတြေးလျနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း အပူဆုံးနှင့်အခြောက်သွေ့ဆုံးရာသီဥတုဒဏ်ကို ခံစားခဲ့ရပြီး ရေရှားပါးကာ တောမီးများလည်း အကြီးအကျယ်လောင်ကျွမ်းခဲ့သည်။

ကုလားအုတ်များသည် သောက်ရေရှာရန်အတွက် လူနေရပ်ကွက်များအထိလာရောက်ခြင်း၊ အပင်များကို တက်နင်းဖျက်ဆီးခြင်းတို့ကြောင့် အဖျက်ကောင်များအဖြစ် သဘောထားခံနေရခြင်းဖြစ်သည်။ တိရစ္ဆာန်အသေကောင်များသည် အရေးပါသည့် ရေအရင်းအမြစ်နှင့် ယဉ်ကျေးမှုနယ်မြေများကိုလည်း ထိခိုက်ကြောင်း  APY ဒေသမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ကုလားအုတ်များကို သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးချရန် ၁၉ ရာစုအတွင်းက အိန္ဒိယနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ အကောင်ရေ ၂၀၀၀၀ ကျော်ခန့် စတင်တင်သွင်းလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly