ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်းသေဆုံးခဲ့သည့်လင်းပိုင်များအနက်ယမန်နေ့ကတွေ့ရှိသောလင်းပိုင်မှာ အရွယ်အစားအကြီးဆုံးဖြစ်

By ခိုင်ဆက်ဝေ
08 January 2020
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်းသေဆုံးခဲ့သည့်လင်းပိုင်များအနက်ယမန်နေ့ကတွေ့ရှိသောလင်းပိုင်မှာ အရွယ်အစားအကြီးဆုံးဖြစ်

ဇန်နဝါရီ  - ၈။         ။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ အတွင်း၌ ဇန်နဝါရီ ၇ ရက်နေ့က လင်းပိုင်တစ်ကောင်သေဆုံးခဲ့ရာ ယင်းဧရိယာအတွင်း သေဆုံးခဲ့သည့်လင်းပိုင်များအနက် အရွယ်အစားအကြီးဆုံး ဖြစ်ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာဖြစ်သည့် မန္တလေးတိုင်း မတ္တရာမြို့နယ် ရွာတန်းရှည်ကျေးရွာအနီးတွင် လင်းပိုင်အသေတစ်ကောင်ကိုတွေ့ရှိခဲ့ကာ အရွယ်အစားမှာ  အလျား ၇ ပေ ၃ လက်မရှိသည်။

ယခင်ကသေဆုံးခဲ့သည့်လင်းပိုင်များအနက် အကြီးဆုံးက အလျား ၇ ပေ ၂ လက်မသာရှိခဲ့သည်။ လင်းပိုင်သေဆုံးမှုမှာ လူ့ပယောဂကြောင့်မဟုတ်ဘဲ အသက် အရွယ် ကြီးသောကြောင့်ဖြစ်သည်ဟု သွားရောက်စစ်ဆေးခဲ့သည့် သားဌက်ထိန်းသိမ်းရေးအဖွဲ့မှ လင်းပိုင်တာဝန်ခံ ဦးကျော်လှသိန်းကပြောသည်။

 “အစာအိမ်ထဲမှာ ထူးခြားတဲ့ ပယောဂမတွေ့ဘူး။ အသက်ကြီး လို့ သေတာဖြစ်တယ် လို့ သုံးသပ်ပါတယ်။။သေသေပြီးချင်းတော့တွေ့ရလေ့မရှိဘူး။သေပြီးတရက်လောက်ကြာမှ ပေါ်လာလေ့ရှိ တယ်။ဗိုက်ခွဲလိုက်တော့ အထဲ က အူတွေ ပုပ်ပွထွက်နေတာတွေ့ရတယ်။ အင်ဒေါင်းကျေးရွာအနီး သောင်အမြင့်မှာ အရိုးငြိမ်းရဖို့ အင်ဒေါင်းရွာအနီးသောင်ပြင်မှာ ဒီနေ့မှာ မြုပ်နှံခဲ့တယ်”ဟု ၎င်းကပြောသည်။

ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက မတ္တရာမြို့နယ် ရွာတန်းရှည်ကျေးရွာတွင် သေဆုံးနေသည့် လင်းပိုင်ကို အမြန်လူစီးခရီးသည် တင်ယာဉ်မှ တွေ့ရှိခဲ့သဖြင့် CBT (လင်းပိုင်ခရီးသွားလုပ်ငန်း)နှင့် လင်းပိုင်ထိန်းသိမ်းရေး လုပ်သားများရှိရာ အင်ဒေါင်းရွာသို့ သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး သားဌက်ထိန်းသိမ်းရေးအဖွဲ့နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့၊ ပတ်ဝန်းကျင် မျိုးသုဉ်းရှားပါးရေးသတ္တဝါများ ထိန်းသိမ်းရေးအဖွဲ့ ၊ ရေကြောင်း ရဲတပ်ဖွဲ့၊ရွှေဘိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ရရှိလာတဲ့ အရိုးငြမ်းကို  နောက်လာနောက်သားများလေ့လာရန်  တက္ကသိုလ်အသီးသီးရှိ ပြခန်းများတွင် ပြသမည်ဖြစ်သည်။

ရေကြောင်းရဲတပ်ဖွဲ့ (မန္တလေး)မှ အကြီးတန်းအရာရှိတစ်ဦးကလည်း “လင်းပိုင်ထိန်းသိမ်းရေးမှာ တပ်ဖွဲ့ဝင်တွေ ကို ချထားပြီး ကင်းလှည့်စစ်ဆေးတာတွေ စောင့်ရှောက်တာတွေ လုပ်နေပါတယ်”ဟု ပြောသည်။

လင်းပိုင်တစ်ကောင်သက်တမ်းက နှစ်၃၀ ကနေ ၅၀ ထိရှိသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထိ စာရင်းများအရ မန္တလေး-ကျောက်မြောင်း လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ဧရာဝတီလင်းပိုင်စုစုပေါင်း ၂၆ ကောင်ရှိပြီး မန္တလေးမှ ဗန်းမော်ထိဆိုလျင် ၇၆ ကောင်ရှိရာ ယခုသေဆုံးမှုကြောင့် စုစုပေါင်း ၇၅ ကောင်သာ ကျန်ရှိတော့မည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly