အီရတ်မှ တပ်ဖွဲ့ဝင်များ ထွက်ခွါရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ငြင်းဆို

အီရတ်မှ တပ်ဖွဲ့ဝင်များ ထွက်ခွါရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ငြင်းဆို

ဝါရှင်တန်၊ ဇန်နဝါရီ ၇။               ။ အီရတ်ရှိ အမေရိကန်Task Force မှ ဗိုလ်မှူးချုပ် ဝီလျံဆီလီက  အမေရိကန်တပ်ဖွဲ့ဝင်များ အီရတ်မှထွက်ခွါရန် ပြင်ဆင်နေပြီဟု စာထုတ်ပြီးနောက် ပင်တဂွန်အကြီးအကဲ အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဖြစ်သူ မာ့ခ်အက်စပါ က တပ်ဖွဲ့ဝင်များဆုတ်ခွါမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဇန်နဝါရီ ၆ ရက်က ငြင်းဆိုလိုက်သည်။

ပင်တဂွန်မှ ပူးတွဲအကြီးအကဲဖြစ်သူ မာ့ခ်မစ်လီကလည်း ထွက်ခွါရန်ပြင်ဆင်နေပြီဆိုသည့် ထုတ်ပြန်ချက်သည် မပို့သင့်ခဲ့သည့် စာကြမ်းမျှသာဖြစ်ကြောင်း၊ စာအရေးသား ညံ့ဖျင်းခြင်းသာဖြစ်ကြောင်း၊ အမေရိကန်အခြေစိုက် စခန်းများအကြား တပ်ဖွဲ့များ ပြောင်းရွှေ့မည်ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ တပ်ဆုတ်မည် မဟုတ်ကြောင်း ပြောသည်။

အက်စပါက “အီရတ်ပြည်သူတွေက ကျွန်တော်တို့ကို ထွက်သွားစေချင်မှာမဟုတ်ပါဘူး၊ အီရတ်ကို အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်ကြွယ်ဝတဲ့နိုင်ငံဖြစ်အောင် အမေရိကန်က ကူညီနေတယ်ဆိုတာ သူတို့ သိပါတယ်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

ဘဂ္ဂဒက်တွင် အမေရိကန်၏တိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီသေဆုံးခဲ့မှုအပေါ် မကျေနပ်သည့်အတွက် အီရတ်ပါလီမန်က အမေရိကန်တပ်များကို ထွက်သွားရန် ဇန်နဝါရီ ၅ ရက် မဲခွဲဆုံးဖြတ်ခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်ကလည်း အမေရိကန်တပ်ဖွဲ့များကို အီရတ်မှနှင်ထုတ်ပါက  ဆန်ရှင်ချမှတ်မည်ဖြစ်ကြောင်း  ခြိမ်းခြောက်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly