အမျိုးသား ၁၉၅ ဦးအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်သူအား ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ

အမျိုးသား ၁၉၅ ဦးအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်သူအား ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ

မန်ချက်စတာ၊ ဇန်နဝါရီ ၇။             ။ မန်ချက်စတာတွင် အမျိုးသား ၁၉၅ ဦးအပေါ် မူးယစ်ဆေးခတ်၍ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်ခဲ့သူ အင်ဒိုနီးရှားနိုင်ငံသားအား ဇန်နဝါရီ ၆ ရက်က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်းသိရသည်။

အသက် ၃၆ နှစ်အရွယ်ရှိ အင်ဒိုနီးရှားနိုင်ငံသား ပါရဂူတန်းတက်နေသည့်  Reynhard Sinaga သည် ကျူးလွန်ခံရသည့်အမျိုးသားများအား  ၎င်း၏တိုက်ခန်းသို့ အရက်လာသောက်ရန် သို့မဟုတ် အတူနေရန် ဖြားယောင်းသွေးဆောင်ပြီး အဓမ္မမှုမကျူးလွန်မီ သတိမေ့သွားအောင် မူးယစ်ဆေးများ၊  စိတ်ငြိမ်ဆေးများ တိုက်ခဲ့သည်ဟု ဆိုသည်။

Reynhard Sinaga သည် အင်္ဂလန်အနောက်မြောက်ပိုင်း မန်ချက်စတာတရားရုံး၌ မုဒိမ်းမှု ၁၃၆မှု၊ မုဒိမ်းမှုကျူးလွန်ရန် ကြိုးပမ်းအားထုတ်မှု ၈ မှုအပါအဝင် ပြစ်မှုပေါင်း ၁၅၉ ခုဖြင့်စွပ်စွဲခံထားရပြီး  သီးခြားရုံးတင်စစ်ဆေးမှု ၄ ခုကို ရင်ဆိုင်နေရသူဖြစ်သည်။

ဇန်နဝါရီ ၆ ရက်က ချမှတ်လိုက်သည့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းသည် ကျူးလွန်ခံရသူ ၂၃ ဦးနှင့်စပ်လျဉ်းပြီး တတိယနှင့် စတုတ္ထရုံးတင်စစ်ဆေးမှုများအတွက် ပြစ်ဒဏ်ဖြစ်သည်။

ကျူးလွန်ခံရသူအများစုမှာ ဆက်ကျော်သက်နှင့်အသက် ၂၀ အရွယ်ဘွဲ့ကြိုကျောင်းသားများဖြစ်ကြသည်။  ၂၀၁၇ ခုနှစ်က ပြစ်မှုကျူးလွန်ခံရသူတစ်ဦးသည် သတိပြန်ရလာရမှ Sinaga ၏ ဖုန်းကို အရယူနိုင်ခဲ့ပြီး ရဲထံသို့အပ်ခဲ့ရာ ၎င်း၏ ပြစ်မှုကျူးလွန်ထားချက်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။  

Sinaga သည် ကျူးလွန်ခဲ့မှုများကို မှတ်တမ်းတင်ရိုက်ကူးထားသည်မှာ ၃ ဒဿမ ၂၉ တက်တရာဘိုက် ဖိုင်အရွယ်အစားရှိပြီး DVD အချပ်ပေါင်း ၂၅၀ နှင့် ဓာတ်ပုံပေါင်း ၃၀၀၀၀၀ ဆန့်သည့်ပမာဏနှင့်ညီမျှသည်။  ဗြိတိန်သမိုင်းတွင် မုဒိမ်းမှုအများဆုံးကျူးလွန်သူ တရားခံဖြစ်သည်ဟု တရားလိုရှေ့နေတစ်ဦးမှဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly