လူငယ်တွေမှာ ဘာလို့ ပန်းသေပန်းညှိုးအဖြစ်များလာတာလဲ

လူငယ်တွေမှာ ဘာလို့ ပန်းသေပန်းညှိုးအဖြစ်များလာတာလဲ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပန်းသေပန်းညှိုးဖြစ်တယ်ဆိုတာ ဘာလဲ။

လိင်မှုကိစ္စ ထမ်းဆောင်နေချိန်မှာ ကိုယ့်ရဲ့ လိင်တံဟာ ဆန္ဒမပြီးမြောက်ခင်မှာ ပျော့ခွေသွားတာ၊ လိင်တံထဲ သွေးစီးဆင်းမှုနည်းခြင်းကြောင့် ထိုးသွင်းဆက်ဆံမှု ပြုနိုင်တဲ့အထိ လိင်တံထောင်မတ်အား နည်းတဲ့ လက္ခဏာကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အသက်ကြီးလာတဲ့အခါ ကျားဟော်မုန်း နည်းသွားတာ၊ အသက်အရွယ်ကြောင့် ဟော်မုန်းတွေ ပြောင်းလဲပြီး လိင်စိတ်ဆန္ဒ လျော့နည်းလာတာကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction) ဖြစ်လာပါတယ်။

ယောက်ျားလေးတော်တော်များများကတော့ ဝန်ခံရမှာ ရှက်သလို၊ ယောက်ျားမာန ထိခိုက်သလို ခံစားရနိုင်ပေမယ့် ဒီပြဿနာက အသက်အရွယ်မရွေး အမျိုးသားအများစုမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ အသက်ငယ်သေးတဲ့အရွယ် အထူးသဖြင့် ဆယ်ကျော်သက်နဲ့ အသက် ၂၀မှ ၃၀အထိ ကျားဟော်မုန်း(testosterone) အများဆုံးထုတ်လုပ်တဲ့ အရွယ်ဖြစ်ပါရဲ့နဲ့ နေပုံထိုင်ပုံ မှားယွင်းမှုတွေကြောင့် စောစီးစွာ ပန်းသေပန်းညှိုးဖြစ်လာကြပါတယ်။

ဒီဆောင်းပါးလေးမှာတော့ လူငယ်တွေမှာ ဘာကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အဓိက တရားခံအကြောင်းရင်း (၁၀) ချက်ကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ ဒီအချက်လေးတွေကြောင့် ကိုယ့်မှာ ပန်းသေပန်းညှိုးလက္ခဏာဖြစ်နိုင်တယ်လို့ သံသယရှိရင်တော့စောစီးစွာ ကုသမှုခံယူဖို့ အကြံပေးချင်ပါတယ်။

၁။ စိတ်ဓါတ်ကျခြင်း

ဒီဘက်ခေတ်မှာ စိတ်ကျရောဂါ ဝေဒနာကို ခံစားနေရတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါပဲ။ မိသားစု၊ အိမ်တွင်းရေး ပြဿနာတွေ၊ လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေဖြစ်ခြင်း၊ ကလေးဘဝမှာ ရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ အရွယ်ရောက်လာတော့မှ ပြန်ပေါ်လာတာကြောင့် စိတ်ဓါတ်ကျခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေရပါတယ်။ လိင်တံမထောင်မတ်နိုင်ခြင်းဟာလည်း ဒီဆိုးကျိုးတွေထဲက တစ်ခုပါပဲ။ စိတ်ဓါတ်ကျနေတဲ့အခါ ဘဝမှာ နေရတာ စိတ်မပျော်မရွှင်ဖြစ်လာတယ်။ အသက်ရှင်နေရတာ အဓိပါ္ပယ်မဲ့သလို ခံစားနေရတယ်။ တဖြည်းဖြည်းနဲ့ စိတ်ဝေဒနာကို မကုသဘဲ ပစ်ထားလိုက်တဲ့အခါ အခြေအနေပိုဆိုးလာပြီး လိင်မှုကိစ္စနဲ့ စိတ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။

၂။ အရက်သောက်ခြင်း

လူငယ်တွေကတော့ အရက်ကို ချစ်တင်းမနှောခင်မှာ ရဲဆေးတစ်ခွက်အနေနဲ့ မှီဝဲတတ်ကြပေမယ့် တကယ်တော့ အရက်ဆိုတာ လိင်တံထောင်မတ်ခြင်းကို ထိခိုက်စေနိုင်တဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။ အရက်မကြာခဏ သောက်တတ်တဲ့ လူငယ်တွေမှာ ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ရုံသာမက လိင်စွမ်းဆောင်ရည်ပိုင်းမှာလည်း ကျဆင်းလာမယ်။ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ဖို့ အလွန်ကြာတာ၊ လိင်တံ ပျော့ခွေသွားတာ၊ သက်လုံမကောင်းတော့တဲ့အတွက် ကိုယ့်အတွက်ရော လိင်ဆက်ဆံဖော်ကိုပါ စိတ်ကျေနပ်မှု အပြည့်အဝမရစေနိုင်တာတွေ ဖြစ်စေနိုင်ပါတယ်။

၃။ သောက်နေရတဲ့ ရောဂါဆေးတွေ

သွေးတိုးကျဆေး၊ အာနိသင်ပြင်းလွန်းတဲ့ အကိုက်အခဲပျောက်ဆေး၊ စိတ်ကျရောဂါပျောက်ဆေး တချို့မှာ လိင်တံကို ကောင်းစွာ မထောင်မတ်နိုင်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ အရင်ပြသတိုင်ပင်ပြီး လိုအပ်ရင် ဆေးပြောင်းသောက်တာ၊ ဆေးရပ်နားလိုက်တာမျိုး အကြံတောင်းလို့ ရပါတယ်။

၄။ စိတ်ဖိစီးမှု

လိင်တံထောင်မတ်ခြင်းကို အဓိကလွှမ်းမိုးနေတဲ့ အရာတွေထဲမှာ ဦးနှောက်နဲ့ စိတ်ခံစားချက်ဟာလည်း ပါဝင်နေပါတယ်။ ကိုယ့်မှာ အလုပ်ကိစ္စကြောင့်၊ ကျောင်းစာတွေကြောင့် စိတ်ဖိစီးမှုဝေဒနာတွေ ခံစားနေရပြီဆိုရင် ဘယ်လိုမှ လိင်ဆက်ဆံဖို့ စိတ်ပါတော့မှာ မဟုတ်ပါဘူး။

၅။ ဒေါသဖြစ်ခြင်း

ဒေါသထွက်နေတဲ့အချိန်မှာ မျက်နှာမှာ သွေးစီးဆင်းနှုန်း အလွန်မြန်လာတယ်ဆိုပေမယ့် လိင်တံထောင်မတ်ဖို့ အဓိကလိုအပ်တဲ့ လိင်တံအတွင်း သွေးကြောတွေထဲကို သွေးစီးဆင်းနှုန်း နည်းသွားပါတယ်။ လိင်တံထောင်မတ်ဖို့ စိတ်ခံစားချက်အပြင် လိင်တံသွေးကြောထဲ သွေးကောင်းစွာ စီးဆင်းနေဖို့ဟာလည်း အလွန်အရေးပါပါတယ်။ ဒါ့အပြင် ကိုယ့်စိတ်ထဲမှာ ဒေါသတွေ၊ အမုန်းတရားတွေနဲ့ ပူလောင်နေတဲ့အခါ ကိုယ်ချစ်ရတဲ့သူနဲ့ ကြင်ကြင်နာနာအတူနေရဖို့ မလွယ်ကူနိုင်တော့ပါဘူး။

၆။ စိုးရိမ်ပူပန်လွန်ခြင်း

အမျိုးသားတချို့မှာ လိင်မှုကိစ္စပြုလုပ်နေချိန် ကိုယ့်ဆက်ဆံဖော်ကို စိတ်ကျေနပ်မှု အပြည့်အဝရအောင် စွမ်းဆောင်နိုင်ပါ့မလားဆိုပြီး တွေးပူတတ်တဲ့ အကျင့်ရှိပါတယ်။ ဒီလိုအကျင့်ကြောင့် ကိုယ့်ရဲ့ ရတက်မအေးဖြစ်နေတဲ့အခါ လိင်စိတ်ဆန္ဒဟာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ ပူပန်စိုးရိမ်ရတဲ့ အတွေးတွေ ဝင်လာလိုက်နဲ့ ကိုယ့်ရဲ့ ဖွားဖက်တော်ဟာ ဒီစိတ်ခံစားချက်တွေကြောင့် ကောင်းစွာ ထောင်မတ်နိုင်မှာ မဟုတ်တော့ပါဘူး။ အလုပ်၊ ကျောင်း၊ မိသားစု၊ အမျိုးမျိုးသော အရာတွေဆီက စိုးရိမ်ပူပန်စရာတွေ၊ စိတ်ဖိစီးမှုတွေဟာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေပြီဆိုရင်လည်း ဘယ်လိုမှ စိတ်ကို စုစည်းထားလို့ မရနိုင်ပါဘူး။

၇။ အဝလွန်တာ

ဆီများတဲ့ အစားအစာတွေ၊ အစာအာဟာရဖြစ်တာတွေကို မစားဘဲ အသင့်စား Fast Food အကြော်အလှော်တွေ မကြာခဏစားတာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းတာ၊ အိမ်ပြန်ရောက်တော့လည်း ခုံပေါ်မှာပဲ ငြိမ်ငြိမ်လေးထိုင်နေတာ၊ ချက်ချင်းလှဲအိပ်လိုက်တာ၊ လေ့ကျင့်ခန်း၊ အားကစားမလုပ်တာတွေကြောင့် လူငယ်တွေမှာ အဝလွန်တဲ့ ပြဿနာခံစားနေရပါတယ်။ အဝလွန်တာဟာ အလွန်ကြည့်ရဆိုးစေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း နည်းစေတယ်။ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ အလွယ်တကူဝင်လာစေတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေမြင့်တက်လာပါတယ်။ လိင်တံဆီ သွေးစီးဆင်းမှု တဖြည်းဖြည်း နည်းလာတာကြောင့် လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာမယ်။ လိင်မှုကိစ္စမှာလည်း စိတ်ကျေနပ်မှု အပြည့်အဝမရနိုင်တာတွေ ဖြစ်နိုင်ပါတယ်။

၈။ မိမိရဲ့ ရုပ်လက္ခဏာကို မကောင်းမြင်ခြင်း

မှန်ကြည့်တဲ့အခါ ရုပ်ကဆိုးလိုက်တာ၊ ဝလိုက်တာ၊ ကြည့်မကောင်းလိုက်တာ အစရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်တဲ့ အကျင့်တွေဟာ လူငယ်တွေကြားမှာ အဖြစ်များပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် သဘောမကျတာ၊ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုရော ကိုယ့်ကို ဘယ်လိုသဘောကျနိုင်မှာလဲဆိုပြီး တွေးတယ်။ အဲ့ဒီအတွေးတွေဟာ အိပ်ရာပေါ်က ချစ်စခန်းထိ ပါလာပြီး စိတ်အာရုံကို လွှမ်းမိုးလိုက်တဲ့အခါ လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ လိင်စိတ်ဆန္ဒ နည်းလာတာတွေ ဖြစ်လာနိုင်ပါတယ်။

၉။ လိင်စိတ်ဆန္ဒလျော့နည်းလာခြင်း

အမျိုးသားဆိုတာနဲ့ပဲ အမြဲ လိင်စိတ်ထကြွနေရမယ်လို့ ထင်ထားရင်တော့မှားပါလိမ့်မယ်။ မိမိကိုယ်မိမိ တန်ဖိုးမထားတတ်တာ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်စရာတွေ၊ ဘဝ၊ အလုပ်ခွင်မှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေအပြင် သောက်နေတဲ့ ရောဂါဆေးတချို့ကြောင့်လည်း လိင်စိတ်ဆန္ဒ လျော့နည်းစေနိုင်ပါတယ်။ လိင်စိတ်ဆန္ဒနည်းပြီဆိုတာနဲ့ သူ့နောက်ကနေ ပန်းသေပန်းညှိုးပြဿနာက အမြန်လိုက်လာပြီပေါ့။

၁၀။ တခြားသောကျန်းမာရေးပြဿနာ

အာရုံကြော၊ ကြွက်သားနဲ့ သွေးစီးဆင်းမှုနဲ့ သက်ဆိုင်နေတဲ့ ရောဂါတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းတာ၊ အရိုးအဆစ်နာကျင်ကိုက်ခဲတာ၊ ဆီးကျိတ်ကင်ဆာတွေဟာ လိင်တံထောင်မတ်နိုင်ခြင်းအပေါ် သက်ရောက်မှု အများကြီးရှိစေနိုင်ပါတယ်။ ရောဂါကြောင့် လိင်စိတ်ဆန္ဒဖြစ်ပေါ်ချိန်မှာ လိင်တံသွေးကြောထဲ သွေးလုံလောက်စွာ မစီးဆင်းနိုင်တဲ့အတွက် လိင်တံမထောင်မတ်နိုင်တဲ့ အခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

ကံကောင်းစွာနဲ့ပဲ လူငယ်တွေမှာ နေထိုင်စားသောက်မှုပုံစံကို ပြင်ပေးရုံနဲ့ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာကို အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ်။စိတ်ဖိစီးမှုတွေကို လျှော့ချခြင်း၊အဆီ၊ အငန်၊ အချိုလျှော့စားပြီးအစာအာဟာရ မျှတစွာ စားသုံးပေးခြင်း၊လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ် မွေးခြင်း၊ စိတ်ကို ပျော်ရွှင်အေးချမ်းစွာ ထားခြင်းဖြင့် အလွယ်တကူ သက်သာစေနိုင်ပါတယ်။ တခြားကျန်းမာရေးပြဿနာတွေ ရှိရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး စောစီးစွာ ကုသမှု ခံယူမယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးအတွက်ရော လိင်မှုကိစ္စအတွက်ပါ ကောင်းကျိုးများစွာ ရှိစေမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly