အမေရိကန်တပ်ဖွဲ့ဝင်များကို နှင်ထုတ်ပါက  အီရတ်ကို ဆန်ရှင်ချမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

အမေရိကန်တပ်ဖွဲ့ဝင်များကို နှင်ထုတ်ပါက  အီရတ်ကို ဆန်ရှင်ချမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်
Photos: AFP

ဇန်နဝါရီ ၆ ။    ။ အမေရိကန်တပ်ဖွဲ့ဝင်များ အီရတ်နိုင်ငံတွင်းကနေ နှင်ထုတ်ခံရပါက ယင်းနိုင်ငံအပေါ် ကြီးလေးသည့် စီးပွားရေးအရေးယူပိတ်ဆို့မှုများ ချမှတ်မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်သတိပေးလိုက်သည်။

နိုင်ငံတွင် တပ်ချရှိနေသည့် အမေရိကန်စစ်သည်တပ်ဖွဲ့ဝင်များကို နှင်ထုတ်ရန် အီရတ်ပါလီမန်က အစိုးရကို တိုက်တွန်းခဲ့ပြီးနောက် ထရမ့်က အထက်ပါအတိုင်း ခြိမ်းခြောက်သတိပေးလိုက်ခြင်းဖြစ်သည်။

“အဲဒီမှာ အတော်လေး အကုန်အကျများပြီး တည်ဆောက်ထားတဲ့ လေတပ်အခြေစိုက်စခန်းတစ်ခု ရှိနေပါတယ်၊ အဲဒါကို တည်ဆောက်ဖို့ ဒေါ်လာ ဘီလီယံအများကြီးချီပြီး သုံးထားရပါတယ်။ အဲဒီအတွက် သူတို့ဘက်က ကျုပ်တို့ကို ပြန်မပေးရင်တော့ ကျုပ်တို့ အဲဒီကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။” ဟု ထရမ့်က သတင်းထောက်များကို ပြောဆိုသွားခဲ့သည်။

တချိန်တည်းမှာပင် ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးမှုအတွက် အမေရိကန်အပေါ် လက်စားချေမည်ဟု ကြွေးကြော်ထားသော အီရန်ကိုလည်း ထရမ့်က သတိပေးသွားခဲ့သေးသည်။ အကယ်၍ အီရန်ဘက်က လက်စားချေတိုက်ခိုက်လာမည်ဆိုပါက အမေရိကန်အနေဖြင့် ပြင်းထန်သည့်် တုန့်ပြန်တိုက်ခိုက်မှု လုပ်ရလိမ့်မည်ဟုလည်း ထရမ့်က သတိပေးပြောဆိုသွားခဲ့သည်။

ပြီးခဲ့သည့်အပတ်က ဘဂ္ဂဒက်တွင်  အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးခဲ့ပြီး တင်းမာမှုများ မြင့်တက်လျက် ရှိသည်။

အီရန် အစိုးရပိုင်းတွင် သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆိုလေမာနီ ဘဂ္ဂဒက် လေဆိပ်အနီး ရောက်ရှိချိန် ထရမ့်၏ အမိန့်ပေးမှုနှင့်အတူ အမေရိကန်က ဒုံးကျည်ဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly