တရုတ်လက်ရွေးစင်အသင်းကို ကိုင်တွယ်နည်းပြခွင့်ရဖို့ဆိုတာ ‘အလွန်အရေးကြီးတဲ့ အိပ်မက်ပါ’လို့ ပြောတဲ့ လီတိုင်

တရုတ်လက်ရွေးစင်အသင်းကို ကိုင်တွယ်နည်းပြခွင့်ရဖို့ဆိုတာ ‘အလွန်အရေးကြီးတဲ့ အိပ်မက်ပါ’လို့ ပြောတဲ့ လီတိုင်
Photos: AFP

အဲဗာတန်ကွင်းလယ်ကစားသမားဟောင်း လီတိုင်က သူ့အနေနဲ့ တရုတ်လက်ရွေးစင်အသင်းနည်းပြဖြစ်လာခြင်းက ကလေးဘဝအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။

နှုတ်ထွက်သွားခဲ့တဲ့ လစ်ပီရဲ့ နေရာကို အစားထိုးဝင်ရောက်လာတဲ့ အသက် ၄၂ နှစ်အရွယ် လီက သူ့ရဲ့ ကနဦးစာချုပ်ဟာ ယခုနှစ်လယ်အထိသာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တရုတ်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းကို ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိမယ့် သူတို့ရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်ဖို့အတွက် လီကို ထိပ်တန်းနည်းပြရာထူးကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

လစ်ပီရဲ့ လက်ထောက်နည်းပြလည်းဖြစ်ခဲ့သူ လီက "ဘောလုံးတောင် မကစားနိုင်သေးတဲ့ ကလေးတစ်ယောက်ဘဝကနေ ဒီကနေ့ ၃၅) နှစ်အကြာမှာ တရုတ်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်လာပါပြီ။"လို့ သူ့ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော် တကယ်ပဲ အရမ်းပျော်ပါတယ်။ ကျနော့်ကလေးတွေကို 'မင်းတို့ရဲ့ အဖေဟာ အလွန်အရေးကြီးတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပြီ'လို့ ကျနော် ဂုဏ်ယူစွာ ပြောနိုင်ပါပြီ။"

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကမ္ဘာ့အကျော်ကြားဆုံးနဲ့ အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲကို နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး တစ်နေ့မှာပင် ကမ္ဘာ့ဖလားကို ဆွတ်ခူးစေလိုသူဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလက ဆီးရီးယားကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် နည်းပြ လစ်ပီ ရုတ်တရက် နုတ်ထုတ်သွားပြီးနောက် လီဟာ ပထမဆုံးအနေန့ တရုတ်ရဲ့ ကမ္ဘာ့ဖလားစြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်ကို ကယ်တင်ရမှာဖြစ်ပါတယ်။

တရုတ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် အုပ်စု (A) မှာ ဆီးရီးယားနောက် ရမှတ် (၈)မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အုပ်စုတစ်ခုစီက ထိပ်ဆုံးအသင်းသာလျှင် နောက်တစ်ဆင့်ကို အလိုအလျာက် တက်သွားမှာဖြစ်ပါတယ်။

လီရဲ့ ပထမဆုံးပွဲကို ကိုင်တွယ်ရမယ့် ပွဲဟာ မတ်လမှာ မော်လ်ဒိုက်အသင်းနဲ့ အိမ်ကွင်းမှာဖြစ်ပါတယ်။

"တရုတ်ဘောလုံးအဖွဲ့ချုပ်နဲ့ ကျနော့်စာချုပ်ဟာ ၂၀၂၀၊ ဇွန် ၉ ရက်နေ့အထိပါ။"လို့ သူက ပြောပါတယ်။

"ကျနော်တို့ နောက်တစ်ဆင့်အတွက် ခြေစစ်ပွဲ အောင်မြင်မယ်ဆိုရင် အဲဒီနောက် ကျနော့်စာချုပ်ဟာ အလိုအလျောက် သက်တမ်းတိုးသွားမှာပါ။"

လီဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကစားခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့ပြီး တရုတ်ရဲ့ တစ်ဦးသော ထိပ်တန်းကစားသမားဖြစ်ပြီး သူ့ရဲ့ခန့်အပ်ခြင်းဟာ တရုတ်ဘောလုံးပရိသတ်တွေကြား လူကြိုက်များသူတစ်ဦးဖြစ်နေလို့လည်းဖြစ်ပါတယ်။

"လက်ရွေးစင်အသင်းက ကျနော့်ကို တစ်ရက်သက်တမ်းစာချုပ်ခဲ့ရင်တောင် ကျနော် တွန့်ဆုတ်မှာ မဟုတ်ပါဘူး။"လို့ လီက ပြောပါတယ်။

"ခင်ဗျားနိုင်ငံအတွက် အလုပ်လုပ်ခွင့်ရရင် ခင်ဗျာ ဒီအတွက် စဉ်းစားနေစရာမလိုပါဘူး။ ဒါမှမဟုတ် တွန့်ဆုတ်နေစရာ မလိုပါဘူး။"

လီဟာ ပြီးခဲ့လက တောင်ကိုရီးယားမှာ အရှေ့အာရှချန်ပီယံရှစ်ပြိုင်ပွဲမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့အတွက် လက်ရွေးစင်အသင်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသူဖြစ်ပါတယ်။

လီဟာ ကစားသမားဘဝအနေနဲ့ ၂၀၀၂ ခုနှစ်က အဲဗာတန်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းအတွက် ပွဲ (၄၀) ကစားခဲ့ပါတယ်။ သူဟာ တရုတ်လက်ရွေးစင်အသင်းနဲ့ (၉၂)ပွဲပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly