တပတ် အလုပ်လုပ်ရက် ၄ ရက် စနစ် ကျင့်သုံးရန် ဖင်လန်ဝန်ကြီးချုပ် ဆန္ဒရှိ

တပတ် အလုပ်လုပ်ရက် ၄ ရက် စနစ် ကျင့်သုံးရန် ဖင်လန်ဝန်ကြီးချုပ် ဆန္ဒရှိ
ဝန်ကြီးချုပ် ဆန်နာ မာရင်

ဇန်နဝါရီ ၆ ။     ။ ဖင်လန်နိုင်ငံတွင် တစ်ပတ် အလုပ်လုပ်ရက် လေးရက် စနစ် ကျင့်သုံးရန် ဝန်ကြီးချုပ် ဆန်နာ မာရင်က အဆိုပြုထားကြောင်း သိရသည်။ ယင်းစနစ်သည် အလုပ်လုပ်ကိုင်ရမှု ဘဝတွင် မိမိတို့အတွက် နောက်အဆင့်သစ်တစ်ခု ဖြစ်ကြောင်း ၎င်းက ပြောဆိုသွားသည်။

ကမ္ဘာ့ ဒုတိယမြောက် အသက်အငယ်ဆုံး နိုင်ငံခေါင်းဆောင်လည်းဖြစ်သည့် ဖင်လန်ဝန်ကြီးချုပ် ဆန်နာ မာရင်က တစ်နေ့လျင် အလုပ်လုပ်ချိန် ခြောက်နာရီ သတ်မှတ်ရန်လည်း တောင်းဆိုခဲ့သေးကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ အချိန်တွေ ပိုကုန်ဆုံးသင့်ပါတယ်၊ နောက်ပြီး သူတို့ရဲ့ ၀ါသနာ၊ ယဉ်ကျေးမှုလိုမျိုး ဘဝရဲ့ အခြားသော ကဏ္ဍတွေအတွက်လည်း အချိန်ပိုကုန်ဆုံးသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”ဟု ပြီးခဲ့သည့် ဒီဇင်ဘာလကမှ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသည့် မာရင်က ပြောသည်။

“ဖင်လန်နိုင်ငံသားတွေကို အလုပ်လုပ်ချိန် နည်းသွားအောင် လုပ်ပေးနိုင်ဖို့ အရေးကြီးပါတယ်၊ ဒါဟာ မိန်းမဆန်တဲ့ အုပ်ချုပ်မှု ပုံစံဆိုပြီး မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါက ပြည်သူတွေကို အကူအညီပေးခြင်းပါ။ မဲဆန္ဒရှင်တွေကို ပေးထားတဲ့ ကတိကို တည်ပေးခြင်းသာဖြစ်ပါတယ်။” ဟု အမျိုးသမီးဝန်ကြီးချုပ် မာရင်က ပြောသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ သြဂုတ်လတွင် Microsoft Japan က ဝန်ထမ်းများကို သောကြာနေ့တိုင်း အလုပ်ပိတ်ပေးသည့် စနစ် တစ်လတာ စမ်းသပ်ကျင့်သုံးခဲ့ရာ ထုတ်လုပ်မှုအား ၄၀ ရာခိုင်နှုန်းနီးပါး တက်လာသည်ကို တွေ့ရှိခဲ့ရကြောင်း ထုတ်ဖော်ထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly