သံတမန်ဆက်ဆံရေး နှစ် ၇၀ပြည့် တရုတ်သမ္မတ နေပြည်တော် လာမည်

သံတမန်ဆက်ဆံရေး နှစ် ၇၀ပြည့် တရုတ်သမ္မတ နေပြည်တော် လာမည်

နေပြည်တော်၊ ဇန်နဝါရီ ၅ ။        ။ တရုတ်-မြန်မာ  သံတမန်ဆက်ဆံရေး နွစ် ၇၀ပြည့်မြောက်သည့် အခါသမယနှင့် တိုက်ဆိုင်လျက် ဇန်နဝါရီတတိယပတ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ် လာရောက်မည်ဖြစ်ကာ အရေးပါသော စီမံကိန်းကြီးများနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးနိုင်ကြောင်း အစိုးရနှင့်နီးစပ်သူများ၊ တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာနေသူများထံက သိရသည်။

သမ္မတရှိကျင့်ဖျင်၏ ခရီးစဉ်တွင် ကျောက်ဖြူစီမံကိန်းနှင့် နယ်စပ်ကုန်သွယ်ရေးဇုန်များအတွက် သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ချေးငွေများ နှင့် ထောက်ပံကူညီမှုများလည်း ရရှိနိုင်သည်ဟု တရုတ်မြန်မာအရေး လေ့လာသူများက သုံးသပ်ကြသည်။

"တရုတ်သမ္မတခရီးစဉ်မှာ ပြည်မာပြည်နဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုတွေအတွက် လက်မှတ်ထိုးဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ တစ်ခုကတော့ ကျောက်ဖြူစီမံကိန်း စီးပွားရေးဇုန် ဒုတိယအဆင့်နဲ့ ပတ်သက်ပြီး လက်မှတ်ထိုးတာမျိုး လုပ်ဆောင်နိုင်ချေရှိပါတယ်။ ဒုတိယတစ်ခုအနေနဲ့ကတော့ နယ်စပ်စီးပွားရေးဇုန်တွေ ဖြစ်တဲ့ ကန်ပိုက်တီးတို့ လွယ်ဂျယ်တို့ မူဆယ်ကျယ်ဂေါင်တို့ကနေ ချင်းရွှေဟော်အထိပေါ့ နယ်စပ်တစ်လျောက်မှာရှိတဲ့ နယ်စပ်စီးပွားရေးဇုန်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရေးထိုးနိုင်ပါတယ်။ ဒါတွေက ကိုယ့်အတွက် အကျိုးရှိအောင် လုပ်နိုင်မယ်ဆိုရင်တော့ အကျိုးရှိမယ်ထင်ပါတယ်" ဟု တရုတ်-မြန်မာအရေး လေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးက မဇ္စျိမကို ပြောသည်။

သမ္မတ ရှီကျင့်ဖျင်အနေဖြင့် မြန်မာနိုင်ငံသို့ လာမည့် ဇန်နဝါရီ ၁၇ရက်နေ့တွင် ရောက်ရှိလာကာ နေပြည်တော်တွင် နိုင်ငံတော်၏ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဇန်နဝါရီ ၁၈တွင် ခရီးစဉ်ပြီးဆုံးမည်ဟု မဇ္စျိမ၏ သတင်းရင်းမြစ်များက ပြောဆိုကြသည်။ သမ္မတ ရှီကျင့်ဖျင်သည် ၂၀၀၉ခုနှစ်က ဒုတိယသမ္မတအဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ဖူးပြီး ထိုစဉ်က ၎င်းရေးထိုးခဲ့သည့် သဘောတူစာချုပ်များတွင် မြစ်ဆုံစီမံကိန်းလည်း ပါဝင်ခဲ့သည်။

"အကြောင်းပြုပြီးလာတာကတော့ အနှစ်ရ၀မြောက် မြန်မာတရုတ် သံတမန်ဆက်ဆံရေးကာလကို ရွေးချယ်လိုက်တာပေါ့။ ဒါပေမယ့်ဒီကာလကလည်း မြန်မာနိုင်ငံက အမေရိကန်နဲ့ အနောက်ဥရောပက ဖိအားမျိုးစုံးပေးတာကို ခံနေရတဲ့ကာလမှာ သူတို့ မြန်မာပြည်ဘက်က ရပ်တည်တယ်ဆိုတာကို အခိုင်အမာ ဖော်ပြလိုက်တဲ့သဘောပေါ့။ နောက်ပြီးတော့ OBOR စီမံကိန်း၊ မဲခေါင်စင်္ကြန်စီးပွားရေးဆက်ဆံမှုတွေကလည်း တရုတ်-မြန်မာဆက်ဆံရေးမှာ အရေးကြီးတာတွေ ဖြစ်တာပေါ့။ အဲဒါတွေကလည်း ဒီနှစ်မှာစပြီး အကောင်အထည် ဖော်တော့မယ့် အခြေအနေပေါ့။ မြေတိုင်းတာရေး မီးရထားလမ်းဖောက်လုပ်ရေးဆိုတာက စနေပြီလေ၊နောက်တစ်ခုက ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့အတူ စီးပွားရေးဇုန်တွေလည်း သူတို့တည်ဆောက်ဖို့ ရှိတယ်ဆိုတော့ အဲဒီအခြေအနေတွေ စုပေါင်းပြီး ဖော်ဆောင်တာ" ဟု တရုတ် မြန်မာ အရေး ကျွမ်းကျင်သည့် စာရေးဆရာ ဦးသန်းစိုးနိုင်က မဇ္စျိမကို ပြောသည်။

သမ္မတရှီ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ကပါ သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများတွင် တရုတ်သမ္မတ မြန်မာနိုင်ငံသို့ လာမည့်သတင်းများကို ရေးသားဖော်ပြနေကြသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားရုံး (ICJ )သို့ ဒေါ်အောင်ဆန်းစုကြည် မသွားခင် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး အရေးပေါ်ရောက်လာခဲ့သေးသည်။

" တရုတ်သမ္မတခရီးစဉ်မှာ မြန်မာပြည်အတွက် ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုရင် သူကလည်း သူ့တိုင်းပြည်အကျိုးစီးပွားအတွက် ရှေးရှုမှာ ဖြစ်သလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့ တိုင်းပြည် အကျိုးစီးပွားအတွက် ရှေးရှုပြီးကျွန်တော်တို့ တိုင်းပြည်အတွက် ဘာရအောင်လုပ်မလဲပဲ အရေးကြီးမယ်ထင်တယ်" ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။

သမ္မတ ဦးသိန်းစိန် လက်ထက် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့သည့်နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး သွေးအေးသွားခဲ့ပြီး ဒီချုပ်အစိုးရလက်ထက်တွင်လည်း မြစ်ဆုံစီမံကိန်းကို ဆက်လက် ရပ်ဆိုင်း ထားသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်အေးဆက်ခဲ့သည်ဟု သုံးသပ်ကြသည်။ သို့ရာတွင် ၂၀၁၉ခုနှစ် တွင် တရုတ်နိုင်၌ ပြုလုပ်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တရုတ်က ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် သမ္မတရှီ၏ ယခုခရီးစဉ်၌ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်သည့် ကိစ္စကို ပြောဆိုမှု မရှိနိုင်ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly