တံတားဦး လေဆိပ်တွင် တရုတ်နိုင်ငံသားတစ်ဦးထံမှ မူးယစ်ဆေးပြားများ ဖမ်းမိ

တံတားဦး လေဆိပ်တွင် တရုတ်နိုင်ငံသားတစ်ဦးထံမှ မူးယစ်ဆေးပြားများ ဖမ်းမိ

မန္တလေး ၊ ဇန်နဝါရီ ၅ ။         ။ မန္တလေးတိုင်းဒေသကြီး တံတားဦး လေဆိပ်တွင် တရုတ်နိုင်ငံသားတစ်ဦးထံက ကာလတန်ဖိုး ငွေကျပ်သိန်း ၁၄၉၀ရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉၈၀၀ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီ ၃၀မိနစ်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ရှာဖွေစစ်ဆေးရေးစက် တွင် ---- လေကြောင်းလိုင်းဖြင့် မန္တလေးမှ ဘန်ကောက်သို့လိုက်ပါမည့် တရုတ်နိုင်ငံသား YUAN CHENG CHENG ၃၀ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းယူဆောင်လာသော ကျောပိုးအိတ် ၂ လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၈၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၄၉၀ သိန်း)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စိတ်ကြွဆေးပြားနှင့်အတူ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားကို လေဆိပ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly