ကမ္ဘောဒီးယား အဆောက်အအုံ ပြိုကျမှု သေဆုံးသူ ၃၆ ဦးအထိ မြင့်တက်

ကမ္ဘောဒီးယား အဆောက်အအုံ ပြိုကျမှု သေဆုံးသူ ၃၆ ဦးအထိ မြင့်တက်

ဇန်နဝါရီ ၅ ။          ။ ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း ဆောက်လက်စ အဆောက်အအုံတစ်လုံး ပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေသည် ၃၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်တွင် ပြောသည်။

ယခုဖြစ်စဉ်သည် ယင်းနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍထဲ လူအများအပြား သေဆုံးစေခဲ့သော မတော်တဆမှု ဖြစ်စဉ်ကြီးတစ်ခုလည်း ဖြစ်လာခဲ့သည်။

နိုင်ငံတောင်ပိုင်း Kep ပြည်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက် နေ့လည်ခင်းက ပြိုကျမှုဖြစ်ခဲ့သော ဆောက်လက်စ ခုနစ်ထပ်အမြင့်ရှိ ဟိုတယ်အဆောက်အအုံ ပြိုကျခဲ့ပြီးနောက် အပျက်အစီးအပုံများအောက်ကနေ လူပေါင်း ၂၃ ယောက်ကို အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင်ခဲ့သည်ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပြောသည်။

“ ဒါ နိုင်ငံမှာ ထပ်မံ ကြုံတွေ့လိုက်ရတဲ့ အဖြစ်ဆိုးတစ်ခုပါပဲ” ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပြောသည်။

ယခု အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များကို နစ်နာကြေး ဒေါ်လာ ၅၀,၀၀၀ စီ ပေးမည်ဟု ဟွန်ဆန်က ကတိပြုသွားသည်။ အလားတူ ဒဏ်ရာရသူများအနေဖြင့်လည်း တစ်ဦးလျင် ဒေါ်လာ ၂၀,၀၀၀ စီ ရရှိမည်ဟု သိရသည်။

ယင်းအဆောက်အအုံ ဆောက်လုပ်ရေး ကန်ထရိုက်တာမှာမူ ယင်းဖြစ်စဉ်ကြောင့် သေဆုံးသွားခဲ့ပြီး အဆောက်အအုံပိုင်ရှင်ကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly