ရန်ကုန်တိုင်းဒေသကြီး တွင် သုံးနှစ်ဆက်တိုက် လူသတ်မှုဖြစ်ပွားနှုန်းမြင့်တက်လာ

ရန်ကုန်တိုင်းဒေသကြီး တွင် သုံးနှစ်ဆက်တိုက် လူသတ်မှုဖြစ်ပွားနှုန်းမြင့်တက်လာ
၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၆ရက် လှိုင်သာယာမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သဖြင့် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျူးလွန်သူ အမျိုးသား ၄ ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အလျှင်အမြန်ဖော်ထုတ်ဖမ်းဆီးရမိ/ ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ဇန်နဝါရီ ၅ ရက် ။          ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်အတွင်း လူသတ်မှု ၁၇၈ မှုအထိဖြစ်ပွားခဲ့ပြီး သုံးနှစ်ဆက်တိုက် လူသတ်မှုဖြစ်ပွားနှုန်းမြင့်တက်လာကြောင်း သိရသည်။

၂၀၁၇၊၂၀၁၈ ၊ ၂၀၁၉ ခုနှစ် သုံးနှစ်ဆက်  ရန်ကုန်တိုင်းဒေသကြီး ၌ လူသတ်မှု မှုခင်း ဖြစ်ပွားမှု စာရင်းဇယားများကို နှိုင်းယှဉ်ရာတွင် သုံးနှစ်ဆက်တိုက် မြင့်တက်လာကြောင်းကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် က ရန်ကုန်တိုင်းဒေသကြီး အတွင်း လူသတ်မှု ပေါင်း ၁၅၆ မှု ၊ ၂၀၁၈ခုနှစ်အတွင်း ၁၇၆ မှု နှင့် ၂၀၁၉ ခုနှစ်အတွက် လူသတ်မှုပေါင်း ၁၇၈ ခု အထိ ဖြစ်ပွားခဲ့သည်။

၂၀၁၉ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မှုဒိန်းမှု ဖြစ်ပွားနှုန်းမှာ သိသိသာသာ လျော့ကျသွားပြီး ၁၇၅ မှုသာဖြစ်ပွားခဲ့ကာ  ၂၀၁၇ ခုနှစ်တွင် မှုဒိန်းမှု ၂၇၈ မှုနှင့် ၂၀၁၈ ခုနှစ်တွင် မှုဒိန်းမှုပေါင်း ၂၉၈ မှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ်တွင် မှုခင်းဖြစ်ပွားမှုပေါင်း တစ်သိန်းနီးပါးခန့်ရှိခဲ့ကာ မှုခင်းဖြစ်ပွားမှု မြင့်တက်ခဲ့သော်လည်း အမှုကြီး(၁၀)မျိုး ဖြစ်ပွားမှုနှုန်း သိသိသာသာ လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မှုခင်းဖြစ်ပွားမှု စုစုပေါင်း (၉၉၈၆၁ )မှုအထိရှိခဲ့ပြီး  ၂၀၁၈ ခုနှစ်ထက် နှစ်ဆကျော်မြင့်တက်ခဲ့ကာ ၂၀၁၈ ခုနှစ်တွင် (၄၇၃၀၆)မှု နှင့် ၂၀၁၇ ခုနှစ်တွင် (၅၂၅၂၄) မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမှုကြီး(၁၀)မျိုးဖြစ်သည့် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်တွင်းမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်မှုနှင့် မတရားအသင်းဆက်သွယ်မှုတို့မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်နှစ်ထက် သိသိသာသာ လျော့ကျခဲ့ပြီး လူသတ်မှု ၁၇၈မှု၊ လုယက်မှု ၁၆မှု၊ မုဒိမ်းမှု ၁၇၅မှု၊ တိရစ္ဆာန်ခိုးမှု ၆မှု၊ လက်နက်မှု ၂မှု၊ စုစုပေါင်း ၃၇၇မှု ခိုးမှုနှင့်ထိခိုက်နာကျင်စေမှုပေါင်း (၁၃၄၂၄)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှုကြီးဖြစ်ပွားမှုမှာ ၂၀၁၉ ခုနှစ်တွင် (၃၇၇)မှု ၊ ၂၀၁၈ ခုနှစ်တွင်(၅၃၅)မှု နှင့် ၂၀၁၇ ခုနှစ်တွင် (၄၇၈)မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly