အီရန်ဘက်က တိုက်ခိုက်လာပါက ယင်းနိုင်ငံ၏ တည်နေရာ ၅၂ ခုကို ပစ်မှတ်ထားပြီး ပြန်လည်တိုက်ခိုက်မည်ဟု ဒေါ်နယ်ထရမ့် ပြော

အီရန်ဘက်က တိုက်ခိုက်လာပါက ယင်းနိုင်ငံ၏ တည်နေရာ ၅၂ ခုကို ပစ်မှတ်ထားပြီး ပြန်လည်တိုက်ခိုက်မည်ဟု ဒေါ်နယ်ထရမ့် ပြော
Photo: EPA

ဇန်နဝါရီ ၅ ။      ။ အမေရိကန်နိုင်ငံသားများ သို့မဟုတ် အမေရိကန်ပိုင်ဆိုင်မှုများအပေါ် အီရန်တို့က စတင်တိုက်ခိုက်လာပါက ယင်းနိုင်ငံ၏ တည်နေရာ ၅၂ ခုကို ပစ်မှတ်ထားပြီး ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၄ ရက်တွင် သတိပေးပြောဆိုလိုက်သည်။

အကယ်၍ အီရန်ဘက်က စတိုက်လာပါက အီရန်တို့၏ နေရာပေါင်း ၅၂ ခုကို အမြန်ဆန်ဆုံးနှင့် အကြမ်းတမ်းဆုံး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၃ ရက်က အမေရိကန်လက်ချက်ကြောင့် အီရန် ထိပ်တန်းတပ်မှူး ဆိုလေမာနီ သေဆုံးခဲ့ပြီး နှစ်ဘက် တင်းမာမှုမြင့်တက်နေစဉ် ထရမ့်က တွစ်တာကနေတဆင့် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးမှုအတွက် အမေရိကန်ကို လက်တုန့်ပြန်မည်ဟု အီရန်တို့ကလည်း ကြုံးဝါးထားသည်။

ယခု အမေရိကန်ဘက်က ပစ်မှတ်ထားလျက်ရှိသော ၅၂ နေရာသည် အီရန်နိုင်ငံနှင့် အီရန်ယဉ်ကျေးမှုအတွက် အလွန်အရေးကြီးသည့် နေရာများဖြစ်ကြောင်း၊ ယင်းနေရာများကို အမြန်ဆန်ဆုံးနှင့် အပြင်းထန်ဆုံး တိုက်ခိုက်မည်ဖြစ်ကြောင်း ထရမ့်က သတိပေးသွားခဲ့သည်။

အီရန်တို့၏ တည်နေရာ ၅၂ နေရာကို ပစ်မှတ်ထားခြင်းမှာ လွန်ခဲ့သည့် ၁၉၇၉ ခုနှစ်နှောင်းပိုင်းတွင် တီဟီရန်ရှိ အမေရိကန်သံရုံးတွင် တစ်နှစ်ကျော် ဓားစာခံထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်နိုင်ငံသားဦးရေ ၅၂ ဦးကို ရည်ညွန်းသည်ဟု ထရမ့်က ပြောသွားသည်။

လက်ရှိတွင် အမေရိကန်အနေဖြင့် မည်သည့် ခြိမ်းခြောက်မှုကိုမှ ထပ်မလိုချင်တော့ကြောင်း ထရမ့်က ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly