လာမည့် လွှတ်တော်သက်တမ်းတွင် အခြေခံ ဥပဒေ ပြင်ရေးမူကြမ်းတင်သွင်းမည်

လာမည့် လွှတ်တော်သက်တမ်းတွင် အခြေခံ ဥပဒေ ပြင်ရေးမူကြမ်းတင်သွင်းမည်

နေပြည်တော်၊ ဇန်နဝါရီ ၄ ။          ။ ဖွဲ့စည်းပုံအခြေခံဉပဒေ ၂၀၀၈ကို ပြင်ဆင်နိုင်ရေးအတွက် ၄၅ ဦးပူးပေါင်းကော်မတီ၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းကို လာမည့် ၂၀၂၀ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် ဒုတိယကြိမ်မြောက် လွှတ်တော် ၁၅ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် တင်သွင်းသွားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်(ခ) ဦးတင်သစ်က ပြောသည်။

နေပြည်တော် မြို့တော်ခန်းမတွင် ကျင်းပသည့် ၇၂ နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အခမ်းအနား အပြီး မီဒီယာများ၏ မေမြန်းမှုအပေါ် ၄၅ ဦးပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးရည်မွန်(ခေါ်) မောင်တင်သစ်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးက ဒီလ ၂၇ ရက်နေ့မှာ စဖို့ရှိတယ်ဆိုတော့ ဒီအစည်းအဝေးမစခင် ဆယ်ရက်ပေါ့ ကျွန်တော်တို့ ၄၅ ဦးကော်မတီ အစည်းအဝေးတွေလည်း ခေါ်ယူပါလိမ့်မယ်။ အဲ့ဒီ ကျွန်တော်တို့ ဆယ်ရက် ကာလအတွင်းမှာပဲ လွှတ်တော်ကို တင်သွင်းဖို့ ဥပဒကြမ်းတစ်ခု အဆင်သင့် ဖြစ်လိမ့်မယ်လို့မျှော်ရပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ကော်မတီကို လွှတ်တော်တွင် အနိုင်ရပါတီများ၏ ကိုယ်စားလှယ်အချိုးအစားအလိုက် ထည့်သွင်းဖွဲ့စည်းထားခဲ့သော်လည်း လက်ရှိတွင် ကော်မတီဝင် ၅ ဦး နှုတ်ထွက်ထားသည်။

၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့ခဲ့သည့် သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းများကို ပြည်ထောင်စုစိတ်ဓာတ်နှင့် ဝိုင်းပြီးဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး အဆိုပါ သဝဏ်လွှာကို ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့သည်။

“ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကြားတွင် သံသယစိတ်ကင်းစင်ပြီး ခိုင်မာသော ယုံကြည်မှုတည်ဆောက်နိုင်ရေး ဒီမိုကရေစီ စံချိန် စံညွှန်းများ လူ့အခွင့်အရေး စံနှုန်းစံထားများနှင့် ကိုက်ညီပြီး နိုင်ငံတော်၏ ပကတိအ‌ခြေအနေများနှင့် ဆီလျော်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်” ဟု နိုင်ငံတော် သမ္မတ၏ လွပ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဉပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခုပါဝင်ပြီး ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်နှင့် မူလအတိုင်း ထားရှိရန်ဟုဆိုကာ အကြံပြုချက် ၃၇၀၀ ကျော်ကို ၄၅ဦး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များနှင့် သဘောထားမှတ်ချက် အစီရင်ခံစာအဖြစ် လွှတ်တော်သို့ တင်သွင်းထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly