နှစ် ၇၀ ကျော် လွတ်လပ်ရေး ၊ တနှစ်ပြည့် ရခိုင်၊ ဒီမိုကရေစီ အစဉ်အလာ ကျိုးပျက်ခြင်းပေလော

By စိုင်းထွန်းအောင်လွင်
04 January 2020
နှစ် ၇၀ ကျော် လွတ်လပ်ရေး ၊ တနှစ်ပြည့် ရခိုင်၊ ဒီမိုကရေစီ အစဉ်အလာ ကျိုးပျက်ခြင်းပေလော
ဓာတ်ပုံ - သူရ ( မဇ္စျိမ )

(က) ဒီမိုကရေစီ နိုင်ငံအချင်းချင်း စစ်ပွဲမဖြစ်ကျပေမယ့်

ယခုဆောင်းပါးအား ရေးရန် အမှန်တော့ ကြိုတင်ပြင်ဆင်ထားမှု မရှိခဲ့ပါ။ သို့သော် ဆောင်းပါးတပုဒ်အား တွေ့မြင် ပြီးနောက် ရေးရန် စိတ်ကူးပေါ်လာခြင်း ဖြစ်ကြောင်း ဦးစွာပထမ ဝန်ခံလိုပါသည်။

ဦးစွာပထမ ဒီမိုကရေစီနှင့် စစ်ပွဲ အဆက်အစပ်ဖြင့် ဆောင်းပါးအား စတင်ဖော်ပြလိုပါသည်။

နိုင်ငံရေးသိပ္ပံသမားများ လက်ခံထားသည့် အယူအဆ တရပ်ရှိလေသည်။ ဒီမိုကရေစီနိုင်ငံမှန်လျှင် ဒီမိုကရေစီ နိုင်ငံ အချင်းချင်း စစ်မခင်းဟူသည့် အယူအဆပင်။ ဒုတိယကမ္ဘာစစ်အပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း ပြန်ကြည့်လျှင် ဤအယူအဆမှာ မှန်ကန်သည့် သဘောရှိသလို လာရီဒိုင်းမွန်းကဲ့သို့ လစ်ဘရယ် ဒီမိုကရေစီအရေး တစိုက်မတ်မတ် လေ့လာနေသည့် ပညာရှင်များကလည်း ဤအချက်ကို လက်ခံပါသည်။

သို့သော် ဤအချက်မှာ စံရွေးကိုက် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများအတွက်သာ မှန်ကန်ပေ၏လော ၊ သို့တည်းမဟုတ်  ဒီမိုကရက်တစ် မူဘောင်များနှင့် အင်စတီကျူးရှင်းများ ယိုင်နဲ့နဲ့ဖြစ် တဘက်စောင်းနင်း ဖြစ်သည့် နိုင်ငံများအတွက်မူ ပြည်တွင်းစစ်ကဲ့သို့ ကိစ္စများ ကြုံရနိုင်သလောဟူသည့် မေးခွန်းများလည်း ရှိနေပါသည်။

ဥပမာအားဖြင့် ဒီမိုကရက်တိုက်ဇေးရှင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တပြိုင်နက်တည်း တည်ဆောက်ဖို့ ကြိုးစားရင်း ၁၉၉၂ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသည့် အင်ဂိုလာမှာ ရွေးကောက်ပွဲကာလအလွန်တွင် ပြည်တွင်းစစ် အတွင်းသို့ ပြန်လည် ဆင်းသက်ရခြင်း ၊ ရွေးကောက်ပွဲများ ပုံမှန်ကျင်းပသော်လည်း လူတကိုယ်မဲတမဲ နိုင်သူ အကုန်ယူစနစ်အရ လူများစု ပရိုတက်စတင့်များသာ အမြဲ အနိုင်ရသည့်အတွက် ပြည်တွင်းစစ်သို့ ဆင်းသက်ခဲ့ ရသည့် မြောက်အိုင်ယာလန် အရေးတို့မှာ ထင်ရှားမြင်သာသည့် ဥပမာကောင်းများ ဖြစ်မည်ထင်သည်။

တဖန် ရွေးကောက်ပွဲများသည် တိုင်းပြည် ညီညွတ်ရေး ၊ ကိုယ်စားပြုခွင့်တို့ကို ဖန်တီးပေးသည်များလည်း ရှိသည်။

လူမျိုးရေး ခွဲခြားမှု ခေတ်လွန် အသွင်ကူးပြောင်းရေးအဖြစ်  ကြားကာလ ဖွဲ့စည်းပုံဖြင့် ကျင်းပသော တောင်အာဖရိက၏ ပထမအကြိမ် ရွေးကောက်ပွဲအပြီး ၁၉၉၄ ခုနစ် လွှတ်တော်တွင် လူမည်း ၅၂ % ရှိသည့်အနက် ( ဇူးလူး ၁၁ ရာခိုင်နှုန်း ၊ ဇိုဆာ၊ ဆော်သို ၊ ဗင်ခါ ၊ ဆွာနာ ၊ ပီဒီ ၊ ဆွာဇီ ၊ ရှင်ဂန် ၊ အန်ဒက်ဘီလီ စသဖြင့် လူမည်း အနွယ်ပေါင်းစုံပါဝင်ကာ လူဖြူ ၃၂ % ပါဝင်ပြီး ၃ ပုံ ၁ ပုံသည် အင်္ဂလိပ်စကားပြောများဖြစ်၍ ကျန် သုံးပုံနှစ်ပုံမှာ အာဖရိကန် စကားပြောများ ဖြစ်သည်။ အရောင်အသွေးစုံ  ၇ ရာခိုင်နှုန်း ၊ အိန္ဒိယ ၈ ရာခိုင်နှုန်းလည်း လွှတ်တော်တွင် ပါဝင်ခဲ့သည်။

တချို့ ကိစ္စရပ်များတွင်မူ တည်ရှိဆဲ ရွေးကောက်ပွဲစနစ်နှင့် ဖွဲ့စည်းပုံက အမျိုးသား ပြန်လည်သင့်မြတ်ရေး ပဋိပက္ခ လျှော့ပါးရေးအတွက် တိုက်ရိုက် အထောက်အကူ မပြုသည့်တိုင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပဋိပက္ခ ချုပ်ငြိမ်းရေး ဦးတည်ပြီး အာဏာရှိသူများက သဘောထားကြီးကြီးဖြင့် နိုင်ငံရေးဘောင်ကို ချဲ့ထွင် ပေးကြသည်များလည်း ရှိသည်။

ဥပမာအားဖြင့် အိန္ဒိယ- မြန်မာ နယ်စပ်မှ လက်နက်ကိုင် ပုန်ကန်သည့် မီဇို တပ်ဦးခေါင်းဆောင်အား အပစ်ရပ် စဲရေး ပြုလုပ်သည်နှင့် အခြေခံ ဥပဒေအရ မီဇိုရမ် ပြည်နယ်တွင် ပြည်နယ်အဆင့် ရွေးကောက်ပွဲ မရှိသေးသည့် တိုင် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အိန္ဒိယ တာဝန်ရှိသူများက ခန့်အပ်ပေးခဲ့မှုဖြင့် ဒီမိုကရေစီဘောင်ကျယ်ပြီး လက်နက်ကိုင် ဆန့်ကျင်သည့်ဘောင် ချုံ့စေခြင်းမျိုး။

လွတ်လပ်ရေးရပြီး နှစ် ၇၀ ကျော် ကာလအတွင်း မြန်မာအနေဖြင့်မူ ဖွဲ့စည်းပုံ-အုပ်ချုပ်ပုံ ၂ ခုဖြင့် ၂ ကြိမ်တိုင် ဒီမိုကရေစီနှင့် မြည်းစမ်းခွင့် ရခဲ့ပါသည်။

 ဓာတ်ပုံ  - ပြည်ထောင်စုလွှတ်တော်

စစချင်း ဆောက်နှင့်ထွင်း ဆိုသလို ပါလီမန်ခေတ် ဒီမိုကရေစီမှာ အလွှာပေါင်းစုံ အသံပေါင်းစုံ ထင်ဟပ်နိုင်သည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေး ဖြေရှင်းနိုင်မည့် နိုင်ငံရေး အခင်းအကျင်းကို ဖန်တီး ပေးနိုင်ခြင်း မရှိခဲ့ပါ။

ထိုကာလ မြန်မာ့ ပါလီမန်အနေထားကို အမေရိကန် ဂျာနယ်လစ် ရစ်ချတ်ဗတ်ဝဲလ်က ပါလီမန်အတွင်း အတိုက် အခံ မယ်မယ်ရရ မရှိဘဲ ထင်တိုင်းကြဲနိုင်သည့် စနစ်ဖြစ်သည့်အတွက် ပါတီစုံ အာဏာရှင်စနစ်ဟု အမည်ပေးခဲ့ သည်။

ထိုခေတ်ကို သိမှီခဲ့သည့် စာရေးဆရာ ဒဂုံတာရာကမူ “လွတ်လပ်ရေး ရယူနိုင်ခဲ့သည့် မြန်မာအနေဖြင့် လွတ်လပ်ရေး ပြဿနာ ဖြေရှင်းနိုင်ခဲ့သော်လည်း ဒီမိုကရေစီ ပြဿနာ မရှင်းနိုင်သည့်အတွက် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပျက်ခဲ့ရသည်” ဟု မှတ်ချက်ပြုခဲ့သည်။

၂၀၀၈ အခြေခံ ဥပဒေဖြင့် ဒီမိုကရက်တိုက်ဇေးရှင်း ( ဒီမိုကရေစီ ကူးပြောင်းမှု ) လုပ်သည့် ကာလ ဒုတိယ သက်တမ်း အထူးသဖြင့် အတိုက်အခံပါတီ အနိုင်ရပြီး တရားဝင်မှု မြင့်လာသော ၂၀၁၅ ရွေးကောက်ပွဲအလွန် လွှတ်တော်နိုင်ငံရေး အခင်းအကျင်းတွင်လည်း ပါလီမန်ခေတ်က ရစ်ချတ်ဗတ်ဝဲလ် ညွှန်းဆိုသကဲ့သို့ပင် မှတ်ချက် ပြန်ကြားရ ပြန်ပါသည်။

ဒီချုပ်ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် လွှတ်တော်နိုင်ငံရေး အခင်းအကျင်းကို ထောက်ပြသူက နာမည်ကျော် အမေရိကန် ဂျာနယ်လစ် သောမတ်စ် ဖရီးမင်းပင်။

ပြည်ထောင်စု လွှတ်တော် အချိုးအရ ရှမ်းပါတီ ၂.၃ ရာခိုင်နှုန်း ၊ ရခိုင်ပါတီ ၃.၃ ရာခိုင်နှုန်း ၊ ပအိုဝ်း ၊ တအန်း ၊ ဇိုမီးတို့က ဝ.၆ ရာခိုင်နှုန်း ၊ ကချင် ၊ မွန် ၊ ၀ ၊ ကိုးကန့်ပါတီတို့က ဝ.၂ ရာခိုင်နှုန်းသာ ရှိပါသည်။

လူမျိုး ၊ ဘာသာ ပါဝင်မှု အချိုးအစားအရ ကြည့်မည်ဆိုလျှင် ပြည်ထောင်စု လွှတ်တော် တခုလုံးတွင် ဗမာ (သို့မဟုတ် ) ဗမာ ကပြား ၈၀ ရာခိုင်နှုန်းကျော် ပါဝင်နေပြီး လွှတ်တော်နှစ်ကြိမ် စလုံးတွင် ဗုဒ္ဓဘာသာများက သာ လွှမ်းမိုးထားပါသည်။

ဒုတိယ အကြိမ် လွှတ်တော် သက်တမ်းတွင် အစ္စလာမ်ဘာသာဝင် တဦးမျှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်လာမှု မရှိပါချေ။

(ခ) လွတ်လပ်ရေး မနက်ခင်း  ၊ ဆရာကျော်ဝင်း ဆောင်းပါးက ပေးသော အတွေးတစ

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့  (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ မနက်ပိုင်း လူမှုကွန်ယက်မီဒီယာ ဖွင့်ကြည့်တော့ The Voice Weekly Journal ပါ စာရေးဆရာ ကျော်ဝင်း၏ ဆောင်းပါး တပုဒ်ကို တွေ့ရသည်။
လက်ဆင့်ကမ်း အဆိုးကျော့သံသရာ ခေါင်းစဉ်ဖြင့် ရေးထားသည့် ဆောင်းပါးတွင် ၂၀၁၉ ခုနစ်အတွင်း ရခိုင် ဒေသက တိုက်ပွဲပဋိပက္ခများနှင့် အပြန်အလှန် ဖမ်းဆီးမှုများ အကြောင်းကို အစပြု ရေးထားသည်။ ပထမ စာပိုဒ်ငယ် ခေါင်းစဉ်ခွဲ အမည်ကိုက “ရခိုင်နဲ့စ ရခိုင်နဲ့ဆုံး” ဆိုပြီး ၂၀၁၉ လွတ်လပ်ရေးနေ့ အာရုံဦး တိုက်ပွဲ အဖြစ် ဘူးသီးတောင်မြို့နယ်မှ ရဲစခန်း ၄ ခုကို ရခိုင်လက်နက်ကိုင်(AA)က ဝင်တိုက်သည့် သတင်းဖြင့် ၂၀၁၉ ကို စခဲ့ပြီး  AA ဖမ်းဆီးထားသော NLD ၏ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း ကွယ်လွန်သတင်းဖြင့် အစချီ ထားသည်။

၁၉၄၈- ၄၉ ခုနှစ် လောက်ကတည်းက လက်နက်ကိုင်တိုက်ပွဲ တစိုက်မတ်မတ် လုပ်လာသည့် လူမျိုးစု လက်နက်ကိုင်များ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဦးလှည့်လာချိန်တွင် မနေ့တနေ့ကမှ ပေါ်သည့် တပ်ဖွဲ့များအနေဖြင့် အဘယ်ကြောင့် စစ်ရေးကို အားပြုလာကြသနည်းဟု မေးခွန်းလည်း ဆရာကျော်ဝင်းက မေးခွန်းထုတ်ထားသည်။

၂၀၁၀ တွင် ရခိုင်ပါတီ ရွေးကောက်ပွဲ ဝင်ခဲ့ပုံ ရခိုင်နှစ်ပါတီပေါင်း ရွေးကောက်ပွဲဝင်သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီ(ANP) အောင်ပွဲခံခဲ့ပုံနှင့် ရခိုင်ပါတီ အစိုးရ မဖွဲ့နိုင်သည့်အဆုံး ရခိုင်လူငယ် အများအပြားမှာ ဒီမိုကရေစီဘောင်ကို အားမကိုးလောက်ဟု ယူဆလာကြပြီး စစ်ဘောင်ကို အား ပြုလာကြကာ AA မှာ ၂၀၁၅ အလွန် လေးနှစ်တာ ကာလအတွင်း အံ့သြဖွယ်ကောင်းအောင် အင်အားကြီး လာပုံတို့ကို ချိတ်ဆက် ဖော်ပြထားသည်။

ဓာတ်ပုံ  - AA info

လွတ်လပ်ရေးရပြီးစ ကာလတွင် ဒီမိုကရေစီဘောင် ချဲ့နိုင်ရေး မကြိုးစားကြဘဲ အတိုက်အခံများအား အစိုးရက ဖမ်းဆီးမှုများက တဆင့် ပြည်တွင်းစစ် ဆင်းသက်ပုံ ၊ လူမျိုးစုများကလည်း ရှိသည့် ဒီမိုကရေစီစနစ် အပေါ် အယုံအကြည်နည်းလာကာ ပင်လုံ ကတိကဝတ် ရရှိရေး တောင်းဆိုမှုမှာ လက်နက်ကိုင်သည် အထိ ရောက်လာကြပုံကို ချိတ်ဆက် ဖော်ပြထားသည်။

တဖန် သူကိုယ်တိုင် သွားတက်ခဲ့သည့် ၂၀၁၄ ကျောက်ဖြူ ရခိုင်အမျိုးသား ညီလာခံအကြောင်းနှင့် ထိုကာလက ညီလာခံ လာတက်သည့် AA ကိုယ်စားလှယ်များနှင့် ဆုံဖြစ်ပုံ AA အဖွဲ့မှာ ဘွဲ့ရပြီးစ လူငယ်များ အများစု ဖြစ်နေ သည့် အကြောင်းကို ဆရာကျော်ဝင်းက ဖော်ပြထားသည်။ သက်ဆိုင်ရာ အစိုးရများမှ ဒီမိုကရေစီဘောင် ကျယ်ကျယ် မဖွင့်ပေးလျှင် တက်ကြွသည့် လူငယ်များပီပီ ဥပဒေတွင်း နိုင်ငံရေးကို ကျောခိုင်းသွားနိုင်ကြောင်း ထောက်ပြထားသည်။

လူငယ်များကိုလည်း ဥပဒေအတွင်းတွင်ပင် နိုင်ငံရေးစွဲစွဲမြဲမြဲ လုပ်စေချင်သည့် အကြောင်းနှင့် သူကိုယ်တိုင် လူငယ်ဘဝက တောခိုခဲ့သည့် အကြောင်းနှင့် နှိုင်းယှဉ် သုံးသပ်ထားပါသည်။ ထစ်ကနဲဆိုဖမ်း ထစ်ကနဲဆို ဖိအားပေးဆိုလျှင် ထစ်ကနဲဆို တောခိုဆိုသည့် လူငယ်များနှင့်အတူ စစ်ပွဲ တာရှည်လေ စစ်ဘက်အာဏာပိုင် စနစ် ကြာရှည်လေ ဖြစ်မည့်အကြောင်း သတိပေးထားသည်။

ပြန်ကြည့်လျှင် ၂၀၁၅ နောက်ပိုင်း ရခိုင်ဒေသ အခြေအနေများမှာ တမုဟုတ်ချင်း လျင်လျင်မြန်မြန် ပြောင်းလဲ နေသည်။ သို့သော ကောင်းသော အပြောင်းအလဲတော့ မဟုတ်ပါ။ အနိဋ္ဌာရုံများ သွေးထွက်သံယိုမှုများဖြင့် တင်းကြမ်းအပြည့်ပင်။

(ဂ) တစ်စုတစ်ဖွဲ့ တစ်မျိုးတစ်ဘာသာမပိုင် နိုင်ငံတော်ဟု ဆိုသော်လည်း

လွတ်လပ်ရေး နှစ်ပတ်လည်နေ့ ဖြစ်သည်နှင့်အတူ ကြေညာစာတမ်း ပြန်ဖတ်ကြည့်ပြန်တော့ “ငါတို့သည် တစ်မျိုးတစ်ဘာသာ တစ်စိတ်တဒေသ ကောင်းကျိုးချမ်းသာကို မလိုလား ၊ ကျောသားရင်သား သူဌာခွဲခြားခြင်းကို အလိုမရှိ ၊ နိုင်ငံတော်သည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကပိုင် ပစ္စည်းမဟုတ်၊ တစ်ဦးတစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူခံစားအပ်သော နိုင်ငံမဟုတ်၊ တူညီသော တရား၊ တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်းတို့ဖြင့် ကမ္ဘာအရှည် တည်စေသောငှာ လူ အပေါင်းတို့၏ ဆန္ဒသာ အဓိက ဖြစ်သော” စသဖြင့် စာသားများက အတွေးရေယာဉ်ထဲ ဝဲပျံနှစ်မျှောနေလျက်။

လွတ်လပ်ရေး ကြေညာစာတမ်းပါ အခြေခံမူများ ၊ ဗိုလ်ချုပ်အောင်ဆန်း လွှတ်တော်တွင် တင်သွင်း အတည်ပြု သည့် ပြည်ထောင်စု ထူထောင်ရေး အခြေခံ မူ (၇)ရပ်တို့ကို ကျင့်သုံးခဲ့နိုင်လျှင်ပင် ဝါဒရေးရာ သဘောတရား မပါသော လူမျိုးစုများနှင့်ပြည်မ အစိုးရအကြား ဖြစ်နေသည့် ပြည်တွင်းစစ်ကို ရှောင်လွှဲခဲ့ကောင်း ရှောင်လွှဲခဲ့ နိုင်ပေလိမ့်မည်ဟု ဆင်ခြင်မိသည်။

(ဃ)  ကြိုးကိုင်နှင့် လစ်ဘရယ် မိတ်ဖက် အယူအဆ ဝေးကွာမှု ၊ ပေါ်ပြူလစ်များ အစားထိုး ဝင်ရောက်ခြင်း

၂၀၀၈ အခြေခံ ဥပဒေကို အသုံးပြုပြီး စပ်ကြားစနစ်မှတဆင့် အသွင်ကူးပြောင်းဖို့ ဆော်သြကြသူထဲ ဆရာကြီး မောင်စူးစမ်းလည်း ပါဝင်ပါသည်။ သူ၏ အသွင်ကူးပြောင်းရေး ကုန်းပတ်ရှင်းခြင်း ဆောင်းပါးတွင် ထူထောင်မည့် ဒီမိုကရေစီမှာ ကြိုးကိုင် ဒီမိုကရေစီ (Guided Democracy) ဖြစ်သော်လည်း လစ်ဘရယ်သမားတို့ ပါဝင် လှုပ်ရှား နိုင်သည်ဟု ဆိုသည်။

အဓိကအားဖြင့် ဆရာကြီး နှိုင်းယှဉ်ပြသည့်အချက်မှာ လစ်ဘရယ် ဒီမိုကရေစီမှာ နိုင်ငံတော်ကို ဗဟိုပြုခြင်း မဟုတ်။ လူတဦးချင်းစီကို ဗဟိုပြုပြီး နိုင်ငံတော် State နှင့် လူတဦးချင်း Individual နှိုင်းယှဉ်လာပါက လူတဦး ချင်းစီ၏ ပါဝါနှင့် အခွင့်အရေးကို ပိုပြီး ဦးစားပေးသည်။

ကြိုးကိုင် ဒီမိုကရေစီမှာမူ နိုင်ငံတော်၏ ပါဝါကို ပိုမို အလေးထားရင်း လူတဦးချင်းစီ၏ ပါဝါနှင့် အခွင့်အရေးတို့ကို လေးစားသည့်အတွက် ကြိုးကိုင် ဒီမိုကရေစီတွင် လစ်ဘရယ်တို့အတွက် နေရာရှိသည့်အတွက် ထိုကာလက လစ်ဘရယ်ဒီမိုကရေစီ အသံထွက်သည့် နိုင်ငံရေး အင်အားစုများ အထူးသဖြင့် ၂၀၁၀ ဝန်းကျင်ကာလက ရွေးကောက်ပွဲဝင်ရန် မသေချာသော NLD ကို ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းဟန် တူပါသည်။

လစ်ဘရယ်မှာ တဦးချင်း အခွင့်အရေး အဓိကဆိုသော်ငြားလည်း လူမျိုးဘာသာစုံလင်စွာ ပါဝင်မှုကို မတားဆီး ပါချေ။ လစ်ဘရယ်၏ လွတ်လပ်ခွင့် တန်ဖိုးဆိုသည်ပင်လျှင် ဘာသာရေး အယူအဆဆိုင်ရာ လွတ်လပ်မှုကို စတင် အခြေပြုခဲ့ခြင်း ဖြစ်သည်။

အင်အားသိမ်းသွင်းမှု လုပ်ခွင့်ရှိသည့် နိုင်ငံတော်ကို အလွန်အမင်း အခြေမပြုခြင်းကလည်း လစ်ဘရယ်၏ တန်ဖိုးပင် ဖြစ်သည်။

၂၀၁၅ နောက်ပိုင်း လွှတ်တော် နိုင်ငံရေးတွင် ကိုးကွယ်မှု ဘာသာစုံလင်စွာ မပါရှိမှုနှင့် နိုင်ငံတော် အခြေပြု အင်အားသုံး ဖြေရှင်းမှုများတို့မှာ လစ်ဘရယ်တန်ဖိုးနှင့် ဝေးကွာစေမည့် ထင်ရှားသည့် ဥပမာတချို့ဖြစ်ပါသည်။
ဥပမာ Universal Suffrage ကဲ့သို့ လူတိုင်းမဲ ပေးပိုင်ခွင့်တွင် လူအုပ်စု တချို့ ဆက်လက် ကျန်ရှိနေခြင်းမျိုးမှာ လည်း ဤသဘော သက်ရောက်ပါသည်။ ဆိုလိုချင်သည့် အဓိပ္ပာယ်မှာ ဆရာမောင်စူးစမ်း ထောက်ပြသကဲ့သို့ အခြေအနေမျိုး ဖြစ်သည့် ပဲ့ကိုင်နှင့် လစ်ဘရယ်မိတ်ဖက် အခြေအနေမျိုး ရောက်မလာခဲ့ခြင်းကို ဆိုလိုရင်း ဖြစ် သည်။ ၂၀၀၈ ခြေဥ အခြေပြု ရွေးကောက်ပွဲ အခင်းအကျင်းအရ ပေါ်ထွက်လာသည့် လွှတ်တော်၊ နိုင်ငံရေး ပါတီများနှင့် စစ်တပ်တို့ ချိန်ခွင်လျှာ ညှိနိုင်စွမ်းမှာ အသွင်ကူးပြောင်းရေးအတွက် အခရာဟုလည်း ဆရာကြီးက ဆိုသည်။

 ဓာတ်ပုံ  - ပြည်ထောင်စုလွှတ်တော်

၂၀၁၅ နောက်ပိုင်း လွှတ်တော် နိုင်ငံရေးအခင်းအကျင်းအရ ထိုအခြေအနေမျိုး ရောက်မလာပါ။ ထိုသို့ ရောက်မလာမှုမှာ ဆရာကြီး၏ အပြစ်ဟု မဆိုလိုပါ။ အင်စတီကျူးရှင်းများ ကိုင်တွယ် ထိန်းကျောင်းခွင့် ရှိသူများကြောင့်ဟု ထင်ပါသည်။

ဤနေရာတွင် စဉ်းစားရန်ရှိသည်မှာ လူပြိန်းကြိုက် လက်ယာ အခြေပြု အုပ်စုနှင့် လက်ယာစွန်း အမျိုးသားရေး အခြေပြု အုပ်စုတို့အကြား သင့်မြတ်ရေး (သို့မဟုတ် ) ဗုဒ္ဓဘာသာ ဗမာဖြစ်မှုကို အခြေပြုသည့် လူများစု တိမ်းညွတ်တတ်သော ပေါ်ပြူလစ် အမျိုးသားရေး အခြေခံ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ထူထောင်မှုဆီ ဦးတည်နေသလား စဉ်းစားရန်ရှိသည်။

ထိုအတွက် ဥပမာကောင်းများမှာ မကြာသေးခင်က ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကြားနာမှု သွားရောက်သည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုများနှင့် မြန်မာ တရားစွဲခံရမှုအပေါ် ထောက်ခံ သည့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များပင် ဖြစ်ပေသည်။

လယ်ရီဒိုင်းမွန်း အဆိုအရ နိုင်ငံတစ်နိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြသည့် လူအုပ်စုအကြား အယူအဆ ရေးရာအရ ဖြစ်စေ၊ နိုင်ငံရေး ရပ်တည်မှု အရဖြစ်စေ ဆန့်ကျင်ဘက် အစွန်းနှစ်ရပ်အဖြစ်သို့ ရောက်ရှိခြင်း Polarization မှာ ရှိရင်းစွဲ ဒီမိုကရေစီအတွက်ပင် ခြိမ်းခြောက်မှု အန္တရယ်ဟု ဆိုထားပါသည်။

အကိုးအကားများ-
-  ILL WINDS( 2019) , Saving democracy from Russia Rage, Chinese Ambition, and American Complacency
-2 IDEA (2008 ) Electro Systems and Designs

-3  ဒဂုံတာရာ- သဇင်သင်းပြန်တော့

-4 Renaud Egreteau (2017), Parliamentary Development in Myanmar, Asia Foundation

 

 

Mizzima Weekly