ဂွါတီမာလာတွင် လူရွှင်တော်က သမ္မတဖြစ်

ဂွါတီမာလာတွင် လူရွှင်တော်က သမ္မတဖြစ်

ဂွါတီမာလာ သမ္မတရွေးကောက်ပွဲတွင် အုပ်ချုပ်ရေးအတွေ့အကြုံ လုံးလုံးမရှိသည့် ရုပ်သံလူရွှင်တော်ဟောင်းတစ်ဦးက အနိုင်ရသွားခဲ့သည်။

လူရွှင်တော် ဂျင်မီမိုရေးက နိုင်ငံတွင်း လူကြိုက်မများသည့် နိုင်ငံရေးအထက်တန်းလွှာထဲမှ တစ်ဦးအဖြစ် ပြည်သူများစွာက ရှုမြင်ထားသော ယခင်သမ္မတကတော်ဟောင်း ဆန်ဒရာသောရီကို မဲ ၇၂ ရာခိုင်နှုန်းဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။

သောရီသည် မဲရလဒ် အားလုံး ရေတွက် မပြီးစီခင်မှာပင် မိုရေးက မဲအသာ ဦးဆောင်နေသည်မှာ ထင်ရှားသဖြင့် ၎င်း၏ အရှုံးကို ဝန်ခံခဲ့သည်။

သမ္မတ အော်တိုပီရတ်ဇ်မိုလီနာ ရာထူးမှ နှုတ်ထွက် အဖမ်းခံရပြီးနောက် တစ်လအကြာတွင် မဲပေးပွဲများကို ကျင်းပခဲ့ခြင်းဖြစ်သည်။

မိုလီနာအား နိုင်ငံရေးသမားများ၊ အကောက်ခွန်တာဝန်ရှိသူများနှင့် အကျင့်ပျက်ခြစားမှု အအုပ်အသင်းဖွဲ့ထားခြင်းကို ဦးဆောင်နေသည်ဟု စွပ်စွဲခဲ့ကြခြင်းဖြစ်သည်။

အကောက်ခွန်ဆောင်ရမှုများကို ရှောင်ရှားရန် စီးပွားရေးသမားများက လာဘ်ပေးလာဘ်ယူလုပ်ကြသည့် အစီအစဉ်များတွင် ပါဝင်ခြင်းမရှိဟု သမ္မတဟောင်း မိုလီနာက ငြင်းဆန်ထားသည်။

ရာထူးမှ ဆင်းခဲ့ရသည့် မိုလီနာအား ဆန့်ကျင်သည့် နိုင်ငံအနှံ့ ဆန္ဒပြမှုများနောက် ခြေလှမ်းသစ်အဖြစ် လူရွှင်တော် ဂျင်မီမိုရေးအား မဲဆန္ဒရှင်များ ရှုမြင်သဘောထားကြသည်။

"သမ္မတအဖြစ် အုပ်ချုပ်ပိုင်ခွင့် အာဏာ အပ်နှင်းခံရပါတယ်။ ဂွါတီမာလာပြည်သူများရဲ့ သမ္မတအဖြစ် ကျွန်တော်တို့ကို လှိုက်စားနေတဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်သွားမှာဖြစ်ပါတယ်။ ဘုရားသခင်စောင့်ရှောက်ပါစေ။ ကျေးဇူးတင်ပါတယ်။"ဟု မဲရလဒ်ရေတွက်ပြီးနောက် မိုရေးက ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly