ယုံကြည်မှုတွေ မရေရာ၊ လမ်းလျှောက်ရင်း လမ်းပျောက်နေပြီလား

ယုံကြည်မှုတွေ မရေရာ၊ လမ်းလျှောက်ရင်း လမ်းပျောက်နေပြီလား

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဘာဖြစ်နေမှန်းမသိ စိတ်တွေကျနေသလိုလို၊ အရာရာကို ရန်ပဲလိုနေသလိုလို၊ အားမလိုအားမရဖြစ်သလို၊ မျှော်လင့်ချက်ပဲမဲ့နေသလိုလို ယောင်ဝါးဝါးဖြစ်လာတဲ့အခိုက်အတန့် လူတော်တော်များများကြုံရဖူးပါတယ်။ ယုံကြည်မှုတွေ ဖျော့လာပြီး ကိုယ်လျှောက်လာတဲ့လမ်းက မှန်ရဲ့လား၊ လက်ရှိကိုယ့်ရဲ့ ဖြစ်တည်မှုက ဘယ်အနေအထားရောက်နေလဲ၊ ဘာဆက်လုပ်ရမလဲမသိတော့ဘူး ဆိုတဲ့စိတ်တွေဝင်လာတာပေါ့။

ခဏလောက်တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ လျှောက်နိုင်လိုက်ပေမယ့် သိပ်မကြာပါဘူး၊ နည်းနည်းစိတ်ဖိစီးတာနဲ့ လမ်းပြန်ပျောက်ပြန်ရော။ ကျွန်မတို့တွေက ဘဝကိုချဉ်းကပ်တဲ့နည်းလမ်းတွေမတူကြဘူး၊ ကိုယ့်စိတ်ကိုပျော်ရွှင်စေနိုင်တဲ့အရာတွေဆိုတာလည်း အချိန်နဲ့အမျှ ပြောင်းလဲနေကြတယ်။ အရင်က ပျော်ခဲ့တဲ့အရာတွေမှာ ခုမပျော်တော့တာမျိုး။ ဒီလိုအပြောင်းအလဲ၊ အလှည့်အကွေ့တွေကြားမှာ တသမတ်တည်းမရှိရကောင်းလားလို့ ကိုယ့်ကိုယ်ကိုအပြစ်ဖို့နေစရာတော့မလိုပါဘူး။ ဒါကလည်း ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လို့ပါပဲ။

လမ်းပျောက်နေတာကို စိတ်ညစ်ရုန်းကန်နေမယ့်အစား ကိုယ့်ကိုယ်ကိုအရင်ချော့ပြီး တည်ငြိမ်အောင်လုပ်ပါဦး။ ပြီးမှ အောက်က ၅ ချက်ကို ဖတ်ကြည့်လိုက်ပါ။ ကိုယ့်ဘဝခြေလှမ်းနဲ့ပတ်သက်ပြီး တစ်ခုခုတော့ အကျိုးထူးလာမယ်ဆိုတာ အာမခံပါတယ်…
(၁) ကိုယ့်ခံစားချက်တွေနဲ့ စစ်ဖြစ်မနေပါနဲ့

ကိုယ့်ခံစားချက်တွေကို ချိုးနှိမ်ဖို့ ကြိုးစားလိုက်တာနဲ့ပဲ အလင်းရောင်ရှိတဲ့ထွက်ပေါက်တစ်ခု ချက်ချင်းပေါ်လာမယ်လို့ထင်ပါသလား။ ကိုယ့်စိတ်ကိုယ်ပြန်သိနိုင်ဖို့က ဒီအမှောင်ထုကို ရှောင်သွားရမှာ၊ ဖျောက်ဖျက်ပစ်ရမှာ မဟုတ်ဘူး၊ ဖြတ်သန်း၊ ကျော်လွှားနိုင်မှဖြစ်မှာပါ။ ဒီတော့ ကိုယ့်စိတ်ထဲ ဘာတွေခံစားနေရတာလဲ၊ ဘာဖြစ်ချင်တာလဲ ကိုယ့်ရင်ထဲကအသံကို နားစွင့်ပါ။ လမ်းပျောက်နေပြီဆို နောက်ဆုံးမှာ ကိုယ့်အာရုံအသိကပဲ ကိုယ့်ကို လမ်းပြပေးနိုင်မှာပါ။ ပေါ်လာတဲ့လမ်းကို ဘယ်လိုလျှောက်မလဲဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ့။
(၂) ကိုယ့်ကိုယ်ကို ယုံကြည်လိုက်ပါ

ကိုယ်တိုင်တောင် မယုံကြည်တာ၊ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဝမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှသာ ကိုယ့်ရဲ့အရည်အချင်းအစစ်အမှန်နဲ့ ကိုယ်လျှောက်ရမယ့်လမ်းကို ရှာတွေ့နိုင်မှာလေ။ ဒီလိုရှာဖို့ တာဝန်ရှိတာ ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား။
(၃) ကိုယ့်စိတ်ကို ပျော်ဝင်စီးမျောစေမယ့် အရာတွေ လုပ်ကြည့်ပါ

ယောင်လည်လည်နဲ့ လမ်းပျောက်နေတဲ့အချိန် ကိုယ့်စိတ်ကို ပျော်ရွှင်စေတဲ့အရာလေးတွေ လုပ်ကြည့်လိုက်ပါ။ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူမယ်၊ ဂျင်မ်သွားမယ်၊ ယောဂကစားမယ်၊ ဒါမှမဟုတ် အပင်လေးတွေစိုက်မယ်၊ အနည်းဆုံးတော့ ကိုယ့်မျက်နှာမှာ အပြုံးတစ်ခုဖြစ်လာစေနိုင်တဲ့အရာတစ်ခုခုကို လုပ်ပါ။ အားတဲ့အချိန်လေး ဒီလိုအသေးအဖွဲလေးတွေကြောင့်လည်း စိတ်နှလုံးကို ပျော်ရွှင်စေနိုင်ပြီး အရောင်အဆင်းမဲ့တဲ့ အတွေးတွေကို ဖြည်းဖြည်းချင်းဝေးလွင့်သွားစေနိုင်ပါတယ်။
(၄) အသစ်အဆန်းတွေ ကြိုးစားကြည့်ပါ

လမ်းပျောက်နေတာလား။ အမြဲလုပ်နေကျ ငြီးငွေ့စရာတွေနဲ့ မတူတဲ့ အတွေ့အကြုံအသစ်တစ်ခုခုကို ကြိုးစားကြည့်ပါ၊ လေ့လာသင်ယူပါ။ ကိုယ်မသိသေးတဲ့ အတတ်ပညာတစ်ခုခုကို လေ့လာဖို့ အချိန်ကောင်းပါပဲ။ အဲဒီကနေမှ ကိုယ်တိုင်တောင်မသိသေးတဲ့ ကိုယ့်အားသာချက်နဲ့ အရည်အချင်းသစ်တွေတောင် ထွက်ပေါ်လာနိုင်ပါတယ်။
(၅) အဆိုးမြင်အတွေးတွေကို တိုက်ထုတ်ပါ

ခုဖြစ်နေတဲ့ ခံစားချက်ကို အစပျိုးမွေးထုတ်ပေးလိုက်တာက အဆိုးမြင်တဲ့ အတွေးတွေပါပဲ။ ငါရှေ့ဆက်လို့မှ ဖြစ်ပါ့မလား၊ ဘာဆက်လုပ်ရမလဲ၊ ငါအခု ဘာမှလည်းအဆင်မပြေဘူး၊ ငါဆက်ရောလုပ်နိုင်ပါ့မလား ဆိုတဲ့အသံတွေ ကိုယ့်ခေါင်းထဲမှာ ပေါ်ထွက်လာရင် လက်မခံပါနဲ့။ ကိုယ့်ရဲ့အတွင်းက နတ်ဆိုးကို တိုက်ထုတ်ပြီး ကောင်းတဲ့အတွေးတွေကို မွေးယူပါ။

ဇဝေဇဝါ အတွေးတွေများပြီး ဘဝကို လွှမ်းမိုးသွားတာမျိုး ဖြစ်ခွင့်မပြုပါနဲ့။ လမ်းပျောက်သလို ခံစားရတာနဲ့ သင့်ဘဝတစ်ခုလုံး လုံးဝကျရှုံးသွားတာမှမဟုတ်တာ။ ကိုယ့်စိတ်ထဲက ဖြစ်ချင်ရာကို ဘာမဆို ဆက်ကြိုးစားခွင့်ရှိပါတယ်။ ဘယ်အရာကမှ ပုံသေ ဒီအတိုင်းရှိနေမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကိုယ့်ဘဝအတွက် အလှပဆုံးအရာတွေကို ဖန်တီးလိုက်ပါ။ ကိုယ့်ကမ္ဘာမှာ ကိုယ်သည်သာ ကိုယ့်ဘုရင်ပါပဲနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly