စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို သင်္ကြန်မတိုင်မီ ကျင်းပဖွယ်ရှိ

စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို သင်္ကြန်မတိုင်မီ ကျင်းပဖွယ်ရှိ
ဓာတ်ပုံ - HEIN HTET/ EPA

ရန်ကုန်၊ ဇန်နဝါရီ ၄ ။         ။ စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို သင်္ကြန်မတိုင်မီ ကျင်းပဖွယ်ရှိကြောင်း ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမသို့ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော်တွင် လာမည့် ဇန်နဝါရီ ၈ ရက်နေ့မှာ ကျင်းပမည်ဖြစ်ပြီး ထိုအစည်းဝေး၌ ၂၁ ရာစုပင်လုံ ကျင်းပမည့်ရက်ကို ဆုံးဖြတ်ရန် ရှိကြောင်း သိရသည်။

 ဗိုလ်မှူးကြီးခွန်ဥက္ကာက “သင်္ကြန်မကျခင်ဆိုတဲ့ အတွေးတွေတော့ ရှိကြတယ်။ တပ်မတော်နေ့ အပြီးနဲ့ သင်္ကြန် မကျခင်ကြားပေါ့။ အဲကြားမှာလုပ်ဖို့ အကုန်လုံးကတော့ စိုင်းပြင်းနေကြတယ်။ တရားဝင် သတ်မှတ်ဖို့ကတော့ JICM မှာပဲ တာဝန် ရှိတာကို” ဟု ပြောသည်။

စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို  လာမည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် တပ်မတော်နေ့အလွန် င်္ကြန်မတိုင်မီ ကျင်းပနိုင်ရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဘက်မှ လိုလားနေကြကြောင်း သိရသည်။

ထို့ကြောင့် JICM အစည်းအဝေးတွင် ပင်လုံ ကျင်းပရေး အပါအဝင် အချက် (၈) ချက်ခန့်ကို တင်ပြဆွေးနွေးရန် NCA ထိုထားသည့် လက်နက်ကိုင် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ အလုပ်အဖွဲ့မှ စီစဉ်ထားကြောင်းလည်း သိရသည်။

NCA စာချုပ်ပါ နိုင်ငံရေးမူဘောင်၏ သဘောတူညီချက်များအရ ၂၁ ရာစုပင်လုံ ညီလာခံကို တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပရန် သဘောတူထားသော်လည်း စတုတ္ထအကြိမ် ညီလာခံကို မကျင်းပနိုင်သည်မှာ တစ်နှစ် ကျော်ကြာခဲ့ပြီ ဖြစ်သည်။

JICM အစည်းအဝေးသည်ကို NCA စာချုပ်အရ သုံးလတစ်ကြိမ် ပုံမှန် ကျင်းပရန် သဘောတူညီထားသော် လည်း မကျင်းပနိုင်ခဲ့သည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်သည့်အတွက် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့် နေခြင်းမှာ တစ်နှစ်ကျော်လာခဲ့ပြီ ဖြစ်သည်။

JICM အစည်းအဝေးသည် အစိုးရ၊ တပ်မတော် ထိပ်သီးခေါင်းဆောင်များနှင့် အပစ်ရပ်ဆယ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်လေ့ရှိသည့် အစည်းဝေးတစ်ခုလည်းဖြစ်ပြီး ၂၁ ရာစုပင်လုံပြီးပါက NCA စာချုပ်အရ အမြင့်ဆုံးဆုံးဖြတ်ချက်ချနိုင်သည့် အစည်းအဝေးလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly