အစ္စရေးထောင်ပေါင်းများစွာ ၀န်ကြီးချုပ်နေတန်ယာဟု၏ ပေါ်လစီများကို ဆန့်ကျင်ဆန္ဒပြ

အစ္စရေးထောင်ပေါင်းများစွာ ၀န်ကြီးချုပ်နေတန်ယာဟု၏ ပေါ်လစီများကို ဆန့်ကျင်ဆန္ဒပြ

သိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေများနှင့် ဂါဇာကမ်းမြှောင်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တင်းမာမှုများမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ပေါ်လစီများကြောင့်ဖြစ်သည်ဟုဆိုကာ ယင်းကို ဆန့်ကျင်ရန်အတွက် အစ္စရေးနိုင်ငံသား ထောင်ပေါင်းများစွာမှာ တဲလ်အဗစ်၏ လမ်းများပေါ်သို့ ထွက်လာခဲ့ကြသည်။

အောက်တိုဘာ ၂၄ရက်ညက ဆန္ဒပြသူများမှာ တဲလ်အဗစ်မြို့လယ် ဟာဘီမာရင်ပြင်မှ ကက်ပလန်လမ်းပေါ်ရှိ အစ္စရေး စစ်ရေးဝန်ကြီးဌာန ရုံးချုပ်သို့ ချီတက်လာကြစဉ် ‘အဖြေတစ်ခုမရှိဘဲ လုံခြုံမှုမရှိနိုင်’ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။

ဆန္ဒပြသူအများစုမှာ ဆန္ဒပြပွဲကို စည်းရုံးကျင်းပသည့် တက်ကြွလှုပ်ရှားသူ အုပ်စုတစ်စုဖြစ်သော Peace Nowမှ ဖြစ်ပြီး လက်ဝဲယိမ်း Meretz ပါတီ၊ Hadash ပါတီနှင့် Da’am Workers ပါတီတို့မှ အဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ဆိုသည်။

ဆန္ဒပြသူများက စစ်ပွဲကို စီမံခန့်ခွဲနေမှုအား ရပ်တန့်ပြီး ယင်းအစား ပါလက်စတိုင်းများနှင့် စေ့စပ်ဆွေးနွေးရန် တဲလ်အဗစ်အစိုးရအား တိုက်တွန်းခဲ့ကြသည်။

ဆန္ဒပြပွဲ စည်းရုံးကျင်းပသူများက လူ၆၀၀၀ခန့် တက်ရောက်ခဲ့သည်ဟု ပြောကြားသော်လည်း အစ္စရေးမီဒီယာကမူ လူ၃၀၀၀ခန့်သာ တက်ရောက်ခဲ့သည်ဟု ခန့်မှန်းထားသည်။  

 ‘အခြေအနေက သွေးရူးသွေးတန်းဖြစ်နေပြီ။ ကျနော်ပြောနေတာက လုံခြုံမှုအကြောင်းမဟုတ်ဘူး။ နိုင်ငံရေးတိုးတက်မှုမရှိတာကို ပြောတာ။ မျှော်လင့်ချက် ကင်းမဲ့နေတာကို ပြောတာ။ အစ္စရေးနိုင်ငံရေးသမားတွေဟာ ပိုပိုပြီး အစွန်းရောက်လာနေကြတယ်’’ဟု စုရုံးချီတက်ပွဲတွင် ပါဝင်ခဲ့သည့် ဆန္ဒပြသူ ဒနီယယ် ဒိုဂျွန်က ပြောကြားခဲ့သည်။

အခြားဆန္ဒပြသူတစ်ဦးဖြစ်သည့် အသက်၆၀အရွယ် ဒေါ့ ခရီဒိုကလည်း လက်ရှိအခြေအနေကို အဆိုးမြင်မိနေကြောင်း၊ ပြည်သူလူထုများအတွက် အမုန်းနှင့် အကြောက်တရား ဆင့်ခေါ်သံကို တုန့်ပြန်ရသည်မှာ ပိုမိုလွယ်ကူကြောင်း ပြောကြားခဲ့သည်။

လက်ဝဲယိမ်း Meretz ပါတီမှ နက်ဆက်လွှတ်တော်အမတ် ဇီဟာဗာ ဂေါအွန်ကလည်း ဝန်ကြီးချုပ် နေတန်ယာဟုကို ရည်ညွှန်း၍ ‘ဘီဘီ ခင်ဗျား ပျက်ကွက်နေခဲ့တယ်။ အစ္စရေးနိုင်ငံသားတွေကို တစ်ကိုယ်ရေလုံခြုံမှုပေးဖို့ ခင်ဗျားပျက်ကွက်နေခဲ့တယ်။ ဒီအရှိတရားကို ပြောင်းလဲပစ်မယ့် မျှော်လင့်ချက်ပေးဖို့ ခင်ဗျားပျက်ကွက်နေခဲ့တယ်’’ဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ ဂါဇာကမ်းမြှောင်မှ ဆန္ဒပြပွဲတစ်ခုတွင် အစ္စရေးအစိုးရတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ပါလက်စတိုင်းတစ်ဦး ဒဏ်ရာရသွားခဲ့ပြီး ထိုဒဏ်ရာများဖြင့်ပင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly