ဗိုလ်ချုပ်ကြီး ဆိုလေမာနီသေဆုံးမှုအပေါ်  လက်စားချေသွားမည်ဟု အီရန်ခေါင်းဆောင်များ သဘောထားထုတ်ပြန်

ဗိုလ်ချုပ်ကြီး ဆိုလေမာနီသေဆုံးမှုအပေါ်  လက်စားချေသွားမည်ဟု အီရန်ခေါင်းဆောင်များ သဘောထားထုတ်ပြန်

တီဟီရန်၊ ဇန်နဝါရီ ၃ ။       ။ အီရန်သမ္မတ ဟက်ဆန်ရိုဟာနီသည် အမေရိကန်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အီရန် ထိပ်တန်း တပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီအတွက် အီရန်နှင့် အချုပ်အချယ်ကင်းသောနိုင်ငံများမှ လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်နေ့တွင် အစိုးရအင်တာနက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာလိုက်သည်။

ဆိုလေမာနီသည် အီရန်တော်လှန်ရေးအစောင့်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ စက်ဆုတ်ဖွယ်ရန်သူအဖြစ် ရှုမြင်ခံခဲ့ရသူဖြစ်သည်။

အီရန်သမ္မတဟောင်းတစ်ဦးဖြစ်သည့် ထိပ်တန်းခေါင်းဆောင် အလီခါမန်နီကလည်း  ယခုနှစ်များအတွင်း ဆိုလေမာနီ၏ မရပ်မနားကြိုးစားအားထုတ်ခဲ့မှုများအတွက် အာဇာနည်ပီသကြောင်း၊ ဘုရားသခင်၏ အလိုအတော်အရ သူ့လုပ်ရပ်များသည် ဘယ်သောအခါမှ ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ ဗိုလ်ချုပ်ကြီးနှင့် တခြားအာဇာနည်များကို သတ်၍ လက်သွေးစွန်းသွားသော ရာဇဝတ်သားများအတွက် ပြင်းထန်သည့် လက်စားချေမှုက စောင့်ကြိုနေကြောင်း  သန္နိဋ္ဌာန်ပြုကာ ဝမ်းနည်းသည့်အထိမ်းအမှတ်အဖြစ်  အောက်မေ့ဖွယ် ၃ ရက်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ခါမန်နီက “ ဆိုလေမာနီဟာ ကမ္ဘာပေါ်မှာ အရက်စက်ဆုံးလူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ၊ ဒီကိစ္စကို မကျေနပ်သူတွေအားလုံးက သူ့အတွက် လက်စားချေပေးမယ့်သူတွေပါ၊ ဗိုလ်ချုပ်ကြီး မရှိတော့တာ ခါးသီးဖို့ကောင်းပေမယ့် ဆက်လက်တိုက်ခိုက်ပြီး နောက်ဆုံးရလာတဲ့အောင်မြင်မှုက လူသတ်သမားတွေနဲ့ပြစ်မှုကျူးလွန်သူတွေကို မခံချိမခံသာဖြစ်စေမှာပါ ” ဟု ထပ်လောင်းပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly