ONE: A New Tomorrow ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ONE Championship ရှုံးပွဲမရှိ ကစားသမား ၅ ဦး

ONE: A New Tomorrow ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ONE Championship ရှုံးပွဲမရှိ ကစားသမား ၅ ဦး

 

လာမည့် ဇန်နဝါရီ ၁ဝ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံး ONE Championship ပြိုင်ပွဲဖြစ်သော ONE: A New Tomorrow ကို ကျင်းပတော့မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် စုစုပေါင်း ပြိုင်ပွဲဝင် ၂၄ ဦး ပါဝင်သည့်အနက် လေးပုံ တစ်ပုံ ဖြစ်သော ပြိုင်ပွဲဝင် ၆ ဦးသည် ယခင်က ONE Championship ပြိုင်ပွဲတွင် တစ်ကြိမ်မျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိသူများ ဖြစ်ကြသည်။ အဆိုပါ သစားသမားများ အကြောင်းကို မိတ်ဆက်တင်ပြလိုက်ရပါသည်။

၁။ချန်ပီယံခါးပတ် ကာကွယ်မည့် Rodtang

ONE Championship: A New Tomorrow တွင် စုစုပေါင်း ၆ ပွဲအထိ ကစားထားပြီး ပွဲတိုင်းအနိုင်ရခဲ့သည့် ထိုင်းကစားသမား Rodtang “The Iron Man” Jitmuangnon သည် Jonathan “The General” Haggerty နှင့် အဓိကခေါင်ပွဲ ကစားရမည် ဖြစ်သည်။ အသက် ၇နှစ် ကတည်းက မွေထိုင်းစသင်ပြီး အသက် ၁ဝ နှစ်တွင် ကြိုးဝိုင်းစဝင်ခဲ့သူ Rodtang သည် ဘန်ကောက်မြို့မှ Jitmuangon ကလပ်တွင် ကစားနေသည်။ လက်ရှိ ONE ဖလိုင်းဝိတ်တန်း မွေထိုင်းချန်ပီယံဖြစ်သူ Rodtang သည် အသက်အားဖြင့် ၂၂ နှစ်သာရှိသေးသော်လည်း နိုင်ပွဲစုစုပေါင်း ၂၅ဝ ကျော် ရရှိထားသူ ဖြစ်သည်။ Rodtang ၏ လက်ရှိ ချန်ပီယံခါးပတ်သည် ယခုပြိုင်ပွဲတွင် မကျေပွဲ စိန်ခေါ်ထားသော Haggerty ထံမှ လုယူထားခြင်း ဖြစ်သည်။ ဝါရင့်ကစားသမားကြီး Sam-A Gaiyanghadao ကိုပင် အနိုင်ရထားသည့် Haggerty သည် ရွယ်တူပြိုင်ဘက် Rodtang နှင့် တွေ့သည့်ပွဲတွင် မထင်မှတ်ဘဲ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ခါးပတ်လက်လွှတ်ခဲ့ရသည်။ ထို့ကြောင့် ယခုပြိုင်ပွဲတွင် Haggerty အနိုင်ရပါက ၎င်း၏ ချန်ပီယံခါးပတ်ကို ပြန်လည်သိမ်းပိုက် နိုင်မည့် အပြင် Rodtang ၏ ရှုံးပွဲမရှိစံချိန်ကိုပါ ချိုးဖျက်နိုင်မည် ဖြစ်သည်။

၂။ ချန်ပီယံလမ်းကြောင်းပေါ်က Stamp

အမည်ရင်းမှာ Nong Stamp ဖြစ်သော်လည်း ကြိုးဝိုင်းနာမည် Stamp Fairtex ဟု လူသိများသည့် Stamp သည် အသက် ၂၁ နှစ်သာ ရှိသေးသော်လည်း ONE အက်တမ်ဝိတ်တန်း Kickboxing ချန်ပီယံနှင့် မွေထိုင်း ချန်ပီယံခါးပတ်များကို တစ်ဦးတည်း သိမ်းပိုက်ထားသူ ဖြစ်သည်။ အသက် ၅ နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူ၏ အားကစားရုံတွင် ကိုယ်ခံပညာရပ်များကို လေ့လာသင်ယူခဲ့သည့် Stamp သည် မွေးရပ်မြေဖြစ်သော ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ Stamp သည် မွေးရပ်မြေ ရနောင်းမှ ပတ္တရားသို့ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲပေါင်း ၈ဝ ကျော်ကစားခဲ့ကာ ငယ်ငယ်ရွယ်ရွယ်နှင့် ဝိတ်တန်းနှစ်ခုတွင် ချန်ပီယံ ဖြစ်လာခဲ့သည်။ ထို့ပြင် Stamp သည်မတူညီသည့် အားကစားသုံးမျိုးတွင် ကမ္ဘာ့ချန်ပီယံဖြစ်ရန် ပစ်မှတ်ထားနေသဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပြိုင်ပွဲများကိုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရှုံးပွဲမရှိ ၃ ပွဲဆက်တိုက် အနိုင်ရခဲ့သည်။ ယခုပွဲတွင် ပြိုင်ဘက် Puja “The Cyclone” Tomar ကို အနိုင်ရပါက အက်တမ်ဝိတ်တန်း ချန်ပီယံကို စိန်ခေါ်နိုင်ရန် လမ်းကြောင်း ဖြောင့်ဖြူးသွားမည် ဖြစ်သည်။

၃။ဗီယက်နမ် ကြယ်ပွင့်သစ် Thanh Le

ဗီယက်နမ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်သူ Thanh Le သည် ONE Championship တွင် ၂ ပွဲသာ ကစားရသေးသော်လည်း ပွဲတိုင်း ရာနှုန်းပြည့် အနိုင်ရထားသူ ဖြစ်သည်။ Thanh Le သည် အမေရိကန်နိုင်ငံ၊ နယူးအော်လန်းတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူမှာ တိုက်ကွမ်ဒို သင်တန်းကျောင်း ဖွင့်လှစ်ထားသဖြင့် ငယ်စဉ်ကတည်းက ကိုယ်ခံပညာနှင့် ရင်းနှီးခဲ့သူ ဖြစ်သည်။ ၂ဝ၁၁ တွင်မှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ပထမဆုံး စတင်ကစားခြင်း ဖြစ်သော်လည်း မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီး Legacy Fighting Alliance ပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်း ချန်ပီယံဖြစ်ခဲ့သည်။ ထို့ကြောင့် ONE Championship က ၎င်းကို မျက်စိကျပြီး ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ Thanh Le သည် ဖယ်သာဝိတ်တန်း လက်ရှိချန်ပီယံ ဖြစ်နေသော နိုင်ငံတူ ကစားသမား Martin “The Situ-Asian” Nguyen ထံမှ ချန်ပီယံခါးပတ်ကို စိန်ခေါ်လိုသူဖြစ်ရာ ယခုရင်ဆိုင်ရမည့် Ryogo Takahashi သည် ၎င်း၏ ရည်မှန်းချက်အတွက် လှေကားထစ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

၄။မြေပြင်ချုပ်ကွက် ဘုရင်မ Miura

နောက်ဆုံး ကစားခဲ့သည့် ပြိုင်ပွဲအရပ်ရပ်တွင် ၅ ပွဲဆက်တိုက် အနိုင်ရထားသည့် ဂျပန်အမျိုးသမီး ကစားသမား Ayaka Miura သည် ONE Championship တွင် ၂ ပွဲ ကစားပြီး ၂ ပွဲလုံး အနိုင်ရထားသူ ဖြစ်သည်။ Miura သည် ဂျပန်နိုင်ငံမှ Deep နှင့် Pancrase ပြိုင်ပွဲများတွင် လက်စွမ်းပြခဲ့သူဖြစ်ပြီး ချန်ပီယံခါးပတ် မရခဲ့သော်လည်း ကစားသမားဘဝတစ်လျှောက် ရှုံးပွဲနှစ်ပွဲသာရှိခဲ့ဖူးပြီး ပရိသတ် အားပေးမှု မြင့်မားသည့် ကစားသမားဖြစ်သည်။ Deep ၏ နာမည်ကျော် ဝိတ်တန်းနှစ်ခု ချန်ပီယံ Ryo Chonan ကိုယ်တိုင် လေ့ကျင့်ပေး ထားသည့် Miura သည် ဂျူဒိုပညာရပ်ကို အားပြုကစားသူဖြစ်သဖြင့် ၎င်း၏ နိုင်ပွဲတစ်ဝက်ကျော်မှာ ပြိုင်ဘက်ကို မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည့် ပွဲများဖြစ်သည်။ Miura အနေဖြင့် ယခုပွဲတွင် မျက်နှာသစ် ကစားသမား Maira Mazar ကို အနိုင်ယူပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရမည် ဖြစ်သည်။

၅။ထိုင်းလူငယ် သွေးသစ် Muangthai

မွေထိုင်း ကမ္ဘာ့ချန်ပီယံ Muangthai "Elbow Zombie" PK.Saenchaimuaythaigym သည် ONE Championship တွင် ၂ ပွဲ ကစားထားပြီး ပွဲတိုင်းအနိုင်ရထားသူ ဖြစ်သည်။ ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းတွင် မွေးဖွားကြီးပြင်းထဲ့သူ Maungthai သည် အခြား မွေထိုင်းလက်ဝှေ့ကျော်  ထိုင်းကစားသမား အများအပြား ကဲ့သို့ ငယ်စဉ်က ဆင်းရဲလွန်းသူ ဖြစ်သည်။ မိသားစုကို ရှာကျွေးရန် အသက် ၁၀ နှစ်ခန့် ကတည်းက လက်ဝှေ့ ကြိုးဝိုင်းထဲ ဝင်လာခဲ့သူ Maungthai သည် ပွဲပေါင်း ၂၀၀ ကျော် ကစားခဲ့ပြီး ဖြစ်ကာ အဓိက ချန်ပီယံ ခါးပတ် အများအပြားကိုပါ သိမ်းပိုက်ခဲ့သည်။ Maungthai သည် ယခုပွဲတွင် လက်ရှိ ချန်ပီယံကိုပင် စိန်ခေါ်ခဲ့ဖူးသည့် S1 ကမ္ဘာ့ ချန်ပီယံ Brice "The Truck" Delval နှင့် ရင်ဆိုင်ရမည် ဖြစ်ရာ အကြိတ်အနယ် ရှိမည့် ပွဲကောင်းတစ်ပွဲ ဖြစ်သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly