ဗီတာမင်ဘီ အာရုံကြောအားဆေး

ဗီတာမင်ဘီ အာရုံကြောအားဆေး

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ဒီနေ့ခေတ် သက်လက်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ အာရုံကြောအားဆေး အတော်ခေတ်စားနေတာ တွေ့ရပါတယ်။ ညောင်းလို့၊ ခြေလက်တွေ ထုံကျဥ်လေးလံပြီး မသယ်ချင်သလိုဖြစ်လို့၊ မှတ်ဉာဏ်တွေ လျော့လာလို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်သဘောနဲ့ကိုယ်ပဲ ဖြစ်ဖြစ်၊ ဆရာဝန်ညွှန်လို့ပဲ ဖြစ်ဖြစ် အာရုံကြောအားဆေး ဆိုပြီး ဝယ်သောက်နေကြတာပါပဲ။ Vitamin  B complex ( ဗီတာမင် ဘီ အုပ်စုအပေါင်း အမျိုးအစား ) အာရုံကြောအားဆေး ကတော့ အသုံးအများဆုံးပဲ။

အာရုံကြောအားဆေးပေးပါလို့ ပြောရင် ဆေးဆိုင်တွေ အရင်ဆုံးထုတ်ပေးမယ့်ဆေးက သည်ဆေးပါပဲ။ အဲ့လောက်ထိကို အလွယ်တကူဝယ်သောက်လို့ရနေတာပါ။ တကယ်တော့ သူက အာရုံကြောအားဆေး သက်သက်မဟုတ်ပါဘူး။

သူ့မှာ ဘာတွေပါပြီး ဘာအတွက်ကောင်းလဲ။ ဘယ်လိုလူမျိုးတွေမဖြစ်မနေသောက်သင့်သလဲ ဆိုတာမျိုးကျ သေချာသိတဲ့လူ နည်းမယ်ထင်လို့ သေချာစုစည်းဖော်ပြပေးလိုက်ပါတယ်။

Vit B1 (thiamine): သိုင်ယာမင်း က ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ မရှိမဖြစ်တဲ့ ဓာတ်ပစ္စည်းပါပဲ။ အဓိကအားဖြင့် စားလိုက်တဲ့ အစာအာဟာရကနေ စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်ရာမှာ ကူညီပေးတာပါ။ ဝက်သား၊ နေကြာစေ့နဲ့ နှံစားသီးနှံတွေမှာ သဘာဝ သိုင်ယာမင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

Vit B2 (riboflavin): ရိုင်ဘိုဖလေဗင် ကလည်း သိုင်ယာမင်းလိုပဲ ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ အကူအညီပေးပါတယ်။ ဒါ့အပြင် သူ့မှာ ဓာတ်တိုးဆန့်ကျင်တဲ့သဘောသတ္တိရှိတာမို့ အရွယ်တင်စေတယ်။ အာရုံကြောဆဲလ်တွေရဲ့ သက်တမ်းကိုရှည်စေမယ်။ ကိုယ်တွင်း ဇီဝအဆိပ်အတောက်မဖြစ်အောင် ဟန့်တားပေးနိုင်တယ်။ သူ့ကိုတော့ ကလီစာ ၊ မှိုအမျိုးမျိုးနဲ့ အမဲသား မှာ သဘာဝ အတိုင်း ကြွယ်ဝစွာ တွေ့ရပါတယ်။

Vit B3 (niacin): နိုင်အာဆင် ကတော့ ဆဲလ်တွေအချင်းချင်းချိတ်ဆက်ရေးအတွက်၊ ဇီဝဖြစ်စဥ်တွေ ပုံမှန်လည်ပတ်နေဖို့အတွက် အရေးပါတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အခြေခံအကျဆုံး DNA/ RNA စတဲ့ ဗီဇဒြပ်စုတွေ ထုတ်လုပ်တဲ့နေရာမှာလည်း ပါဝင်ကူညီပေးပါတယ်။ အသားဖြူစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် အလှအပရေးရာ ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိတာတွေ့ရပါတယ်။ ပဲနီလေး၊ တူနာငါးနဲ့ အသည်းအမြစ်တွေမှာ နိုင်အာဆင်ဓာတ်   ကြွယ်ဝစွာပါဝင်ပါတယ်။

Vit B5 (pantothenic acid): ပန်တိုသန်းနစ် အက်စစ် ကလည်း အပေါ်က တခြား ဗီတာမင် ဘီ တွေလိုပဲ ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ အကူအညီပေးပါတယ်။ သူက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းဓာတ်တွေ နဲ့ အဆီဓာတ်တွေ ထုတ်လုပ်ရာမှာ အခရာကျပါတယ်။ အသည်းအမြစ်၊ ငါး၊ ဒိန်ချဉ် နဲ့ထောပတ်သီး များများစားပေးရင် ပန်တိုသန်းနစ်အက်စစ် ဓာတ်ကို သဘာဝအတိုင်းရနိုင်ပါတယ်။

Vit B6 (pyridoxine): ပိုင်ရီဒေါက်ဇင်း ကတော့ ခန္ဓာကိုယ်အတွက် အသားဓာတ်၊ သွေးနီဥနဲ့ အာရုံကြောဆက်သွယ်ရေးဟော်မုန်းဓာတ်တွေ ထုတ်လုပ်တဲ့နေရာမှာ ပါဝင်ကူညီပေးပါတယ်။ စားတော်ပဲ ၊ ဆော်လ်မွန်ငါးနဲ့ အာလူးတွေစားပေးရင် ကို ဆေးသောက်စရာမလိုဘဲ ပိုင်ရီဒေါက်ဆင်းဓာတ် ရနေမှာပါ။

Vit B7 (biotin): ဘိုင်အိုတင်ကတော့ ကစီနဲ့ အဆီ ချေဖျက်စုပ်ယူအသုံးချရေး ဇီဝဖြစ်စဥ်အတွက် မရှိမဖြစ် လိုတဲ့ အပြင် ကိုယ်တွင်းမျိုးရိုးဗီဇပုံဖော်ရေး လုပ်ငန်းကိုလည်း ထိန်းညှိပေးပါသေးတယ်။ အချဥ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆော်လ်မွန်ငါးနဲ့ အသည်းအမြစ်တွေမှာ ကြွယ်ဝစွာတွေ့နိုင်ပါတယ်။

Vit B9 (folate): ဖောလိတ် (ဖောလစ်အက်စစ် ပါပဲ တကယ်တော့) ကိုတော့ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ကြီးထွားသန်မာဖို့နဲ့ ကြွက်သားတည်ဆောက်ရေး၊ သွေးဆဲလ် တည်ဆောက်ရေး ဇီဝဖြစ်စဥ်တွေအတွက်လိုပါတယ်။ သူ့ကိုတော့ အရွက်စိမ်းတွေနဲ့ ပဲတွေမှာ တွေ့ရပါတယ်။

Vit B12 (cobalamin): B12 လို့ လူသိများတဲ့ ကိုဘယ်လမင်းကတော့ အာရုံကြောအဖွဲ့အစည်းတစ်ခုလုံးအတွက် မရှိမဖြစ်အလိုအပ်ဆုံး ဇာတ်လိုက်ပါပဲ။ သွေးနီဥ ထုတ်လုပ်ဖို ရော၊ DNA/ RNA စတဲ့ ဗီဇဒြပ်စုတွေ ထုတ်လုပ်ပြုပြင်ရာမှာရော အရေးအပါဆုံး ဗီတာမင်ဘီအုပ်စုဝင်ပါ။ သူ့ထူးခြားချက်က သက်သက်လွတ်အစားအစာတွေမှာ သူ့ကို မတွေ့နိုင်တာပါပဲ။ အသား၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေမှာပဲ တွေ့နိုင်တဲ့ အတွက် သတ်သတ်လွတ်သမားတွေ အနေနဲ့ B12ကိုအမြဲ ဖြည့်စွက်သောက်သုံးသင့်ပါတယ်။ ( cobalamin ကို Methylcobalamin ခေါ် သဘာဝ အတိုင်းတွေ့ရတဲ့ပုံစံနဲ့  Cyanocobalamin ခေါ် လူတို့ဓာတ်ခွဲထုတ်လုပ်ထားတဲ့ပုံစံ ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ ဘယ်လိုကွာခြားတယ်ဆိုတာ နောက်မှ အသေးစိတ်ရေးပေးပါမယ်)

အာရုံကြောအားဆေးအများစုကတော့ ဒီဓာတ်တွေ အကုန်မထည့်ပါဘူး။ B1 B6 နဲ့ B12 လောက်ပဲပါတာများပါတယ်။ ဗီတာမင် ဘီ အုပ်စုဝင်တွေက အဆီမှာ မပျော်ဘဲ ရေမှာပဲပျော်ဝင်တဲ့သတ္တိရှိတာကြောင့် ခန္ဓာကိုယ်က သိုလှောင်မထားနိုင်ပါဘူး။ ဆိုလိုတာက သာမန်လူ တစ်ယောက်အနေနဲ့ အပေါ်မှာပြောခဲ့တဲ့ အစားအစာတွေကို နေ့စဥ် ထမင်းဝိုင်းမှာပါအောင် သတိထားစားသွားပေးမယ်ဆိုရင် နေ့စဥ်လိုအပ်တဲ့ ဗီတာမင် ဘီ အုပ်စု ပမာဏကို လုံလုံလောက်လောက်ရနေမှာမို့ ထပ်ဖြည်သောက်စရာ မလိုလှပါဘူး။

ဒါပေမဲ့ တချို့သော အခြေအနေတွေမှာ ခန္ဓာကိုယ်က ဗီတာမင် ဘီ အုပ်စုကို သာမန်ထက် ပိုလိုအပ်နေတတ်ပါတယ်။ ဘယ်အခြေအနေတွေလဲ ကြည့်လိုက်ရအောင်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ

သူတို့က သန္ဓေသားဖွံဖြိုးမှုနဲ့ မွေးကင်းစကလေးငယ်ရဲ့ ကြီးထွားမှုအတွက် B12 နဲ့ folate ကို သူများထက်ပိုလိုပါတယ်။ သက်သက်လွတ်လည်းစားတဲ့မိခင်တွေဆိုရင်တော့ Vitamin  B complex ( ဗီတာမင် ဘီ အုပ်စုအပေါင်း အမျိုးအစား ) အားဆေးကို မဖြစ်မနေသောက်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ဆောင်စဥ် နဲ့ နို့တိုက်စဥ် ကာလမှာ B12 နဲ့ folate ချို့တဲ့ရင် ကလေးမှာ ဦးနှောက်မကောင်းတာမျိုး ၊ မွေးရာပါ ချို့ယွင်းမှုတွေ ပါလာတာမျိုး ဖြစ်တတ်လို့ပါ။

အစားအသောက်နည်းပြီး ချေးများတတ်သူတွေ

သည်လိုလူတွေ ဘာလို့ Vitamin  B complex ( ဗီတာမင် ဘီ အုပ်စုအပေါင်း အမျိုးအစား ) အားဆေးကိုသောက်သင့်လဲ ဆိုတာတော့ အထူးအထွေ ရှင်းပြနေစရာ လိုမယ်မထင်ပါဘူးနော်။

သက်ကြီးရွယ်အိုတွေ

အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ အစာအိမ်ရဲ့ဗီတာမင်စုပ်ယူနိုင်စွမ်းက ကျကျလာပါတယ်။ ဒါ့အပြင် B12 စုပ်ယူနိုင်စွမ်းက စိတ်နဲ့လည်း တစ်နည်းပတ်သက်နေတာမို့ စိတ်ကျရောဂါ ဖြစ်နေတတ်တဲ့ သက်ကြီးရွယ်အိုတွေ မှာ စုပ်ယူနိုင်မှု ပိုနည်းသွားပါတယ်။

ရောဂါရှိသူတွေ

ဘယ်လိုရောဂါရှိတဲ့သူတွေလဲ ဆိုတော့

(၁) အစာ‌ချေအက်စစ်ရည် လုံလောက်စွာမထုတ်နိုင်တဲ့သူတွေ ( B complex ကို ချေဖျက်စုပ်ယူနိုင်ဖို့က အစာအိမ်ထဲမှာ လုံလောက်တဲ့ အစာခြေရည်ပမာဏရှိနေဖို့ လိုကိုလိုပါတယ်။)

(၂) ကင်ဆာရောဂါသည်တွေ

(၃) အစာအိမ်နဲ့အူလမ်းကြောင်း နာတာရှည် ရောဂါသည်တွေ ( ဥပမာ –  Crohn’s disease, celiac disease)

(၄) နှစ်ရှည် အရက်စွဲနေသူတွေ

(၅) သိုင်းရွိုက်ဟော်မုန်း ချို့တဲ့နေသူတွေ

(၆) စားချင်သောက်ချင်စိတ် အလိုလိုကုန်ခမ်းနေတဲ့ anorexia ရောဂါသည်တွေ

(၇) အကြီးစားခွဲစိတ်မှု ခံယူထားသူတွေ

(၈)ရောဂါ တစ်မျိုးမျိုးကြောင့် ကိုယ်အလေးချိန်ထိုးကျသွားသူတွေ

(၉)မျိုးရိုးဗီဇဆိုင်ရာ MTHFR genetic mutation ဖြစ်နေသူတွေ (သည်လိုလူတွေက folate ချို့တဲ့တတ်တာမို့ အပြင်က ဖြည့်သောက်ပေးရပါတယ်။ )

သတ်သတ်လွတ်သမားတွေ ဘာလို့ ဗီတာမင်  အားဆေးသောက်သင့်တယ်ဆိုတာတော့ အပေါ်မှာ ရှင်းပြခဲ့ပြီးပါပြီ

ဆေးသောက်နေရသူတွေ

အစာအိမ်ဆေး၊ ဆီးချိုဆေးနဲ့ သားဆက်ခြားဆေးသောက်နေတဲ့ သူတွေဟာလည်း Vitamin  B complex အားဆေးကို ဖြည့်သောက်ပေးသင့်ပါတယ်။

Vitamin  B complex က တခြား ဘာတွေအတွက် ကောင်းသေးလဲ?

၁။ စိတ်ဖိစီးမှုပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ အပြင် မှတ်ဉာဏ်ပါတိုးလာစေတယ်။

၂။ စိုးရိမ်စိတ် ပူပန်စိတ်ကို လျှော့ချပေးနိုင်ပြီး စိတ်ကျရောဂါကိုလည်း သက်သာစေတယ်။ ဒါကြောင့်မို့ ဆရာဝန်တွေက vitamin B complex အားဆေးကို စိတ်ကျရောဂါကုသရေးဆေးတွေနဲ့ တွဲပေးလေ့ရှိတယ် ( စိတ်ဓာတ်ကျလာရင် ခန္ဓာကိုယ်က ဗီတာမင် ဘီ စုပ်ယူသုံးစွဲမှုကျဆင်းလာတာကြောင့် တွဲပေးတာလည်း ပါပါတယ်။)

သာမန်လူ တစ်ယောက်အတွက် နေ့စဥ်လိုအပ်တဲ့ ဗီတာမင် ဘီ အုပ်စု ရဲ့ အချိုးအစားတွေ ကိုလည်း ဖော်ပြပေးလိုက်တယ်နော်။ အပေါ်မှာပြောထားတဲ့ အခြေအနေမျိုးတွေဆိုရင်တော့ ဗီတာမင် ဘီကို  သည့်ထက်ပိုလိုအပ်ပါလိမ့်မယ်။
        
B1 (Thiamine)     1.1 mg     1.2 mg
B2 (Riboflavin)     1.1 mg     1.3 mg
B3 (Niacin)     14 mg     16 mg
B5 (Pantothenic acid)     5 mg     5 mg
B6 (Pyridoxine)     1.3 mg     1.3 mg
B7 (Biotin)     30 mcg     30 mcg
B9 (Folate)     400 mcg     400 mcg
B12 (Cobalamin)     2.4 mcg     2.4 mcg

ဘာလို့သည်ဇယားကိုထည့်ပေးထားရလဲ ဆိုရင် မလိုအပ်ဘဲ ပမာဏ အများကြီး သောက်မိတဲ့ခါ ဆိုးကျိုးရှိနိုင်လို့ပါပဲ။ တန်ဆေး လွန်ဘေး မဟုတ်လား။

ကိုယ်ထဲမှာ နိုင်အာဆင်ဓာတ် (B3) တအားများလာရင် အန်တာ၊ သွေးတွင်းအချိုဓာတ်များလာတာ၊ အသားအရေ နီစပ်ဖျဥ်း ဖြစ်လာတာမျိုးကနေ အသည်းထိခိုက်သည်အထိ ဖြစ်နိုင်ပါသတဲ့။ ပိုင်ရီဒေါက်ဇင်း( B6 ) သိပ်များလာရင်တော့ အာရုံကြောထိခိုက်တာ၊ အလင်းရောင် ကို မခံနိုင်တာ နဲ့ အရေပြားရောင်ရမ်းနာကျဥ်တာတွေထိဖြစ်နိုင်ပါသတဲ့။

ဆိုးကျိုးဖြစ်စေတဲ့ ပမာဏက အဆမတန်များမှသာဖြစ်နိုင်တာမို့ အရမ်းစိုးရိမ်ဖို့တော့ မလိုကြောင်း၊ ဗီတာမင်ဘီ ချို့တဲ့တာကသာ အဖြစ်များတာမို့ စိုးရိမ်သင့်ကြောင်းကိုလည်း သတိပေးလိုပါတယ်။

သည်ထဲမှာပါပေမဲ့ လူသိနည်းသေးတဲ့ နိုင်အာဆင်ဓာတ်(Vit B3) နဲ့ ဘိုင်အိုတင် ( Vit B7 ) အကြောင်းကိုတော့ ဆောင်းပါးသက်သက်ရေးပေးပါဦးမယ်။

မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

ရေးသားသူ – နှင်းနုအေး

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly