သင်ထင်ထားတာထက်ပိုဆိုးတဲ့ Vape

သင်ထင်ထားတာထက်ပိုဆိုးတဲ့ Vape

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ၏ထုတ်ပြန်ချက်အရ လွန်ခဲ့သော ဆယ့်ငါးနှစ်အတွင်း အမေရိကန်ပြည်သူတွေရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၂၁ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရှိရပါတယ်။ ဆေးလိပ်သောက်သုံးမှု လျော့ကျလာခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ မီးခိုးများထုတ်လွှတ်မှု နည်းသွားပေမဲ့ တစ်ဖက်မှာတော့ အီလက်ထရောနစ် စီးကရက်များ၊ vape များသုံးစွဲမှု မြင့်တက်လာပါတယ်။ Vape သောက်သုံးသူတွေ ထုတ်လွှတ်တဲ့ ‌အငွေ့တွေကြောင့် သင်တို့ရဲ့ ကျန်းမာရေးပိုမို ထိခိုက်နိုင်တယ်ဆိုတာကို တော်ရုံသတိမပြုမိကြပါဘူး။
ဘယ်လိုအန္တရာယ်ရှိနိုင်လဲ

စီးကရက် မီးခိုး‌‌ ငွေ့တွေမှာ အဆိပ်အတောက်အမျိုးအစားပေါင်း ၇၀၀၀ ကျော်လောက်ပါ၀င်ပြီး ၅၀ ကျော်လောက်ဟာ သင့်ကို ရောဂါဆိုးဆိုးဝါးဝါးဖြစ်အောင် ဒုက္ခပေးနိုင်ပါတယ်။ ဒါကို လူတော်တော်များများက သတိမပြုမိတတ်ကြပါဘူး။ဆေးလိပ်သောက်သူတွေကနေ ထုတ်လွှတ်လိုက်တဲ့မီးခိုးငွေ့တွေက ခန္ဓာကိုယ်တွင်းသွေးခဲခြင်းကိုဖြစ်စေနိုင်ပြီး  နှလုံး‌ရောဂါ၊ လေဖြတ်ခြင်း နှင့် အဆုတ်ကင်ဆာ တို့ဖြစ်နိုင်ချေကို အားပေးပါတယ်။ ကိုယ်၀န်ဆောင် အမျိုးသမီးများဆိုရင်တော့ အချိန်မတိုင်ခင် မွေးဖွားခြင်းကို ဖြစ်စေနိုင်ပြီး သ‌‌န္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။
ဘယ်ဟာက အန္တရာယ်ကင်းလဲ

ဆေးလိပ်သောက်သူ တော်တော်များများကတော့ ဆေးလိပ်ဟာ ရောဂါဖြစ်နိုင်ခြေများတယ်လို့ယူဆပြီး အန္တရာယ်ပိုကင်းတယ်လို့ထင်တဲ့ E စီးကရက်၊ vape တို့ကိုပြောင်းသောက်ကြပါတယ်။ ဒီလိုယူဆကြပေမဲ့လည်း တကယ်တမ်းတော့ vape ကထွက်တဲ့ အငွေ့တွေမှာလည်း ပိုမိုဒုက္ခပေးနိုင်တဲ့ နီကယ်၊ ခဲဓါတ် နဲ့ အခြား chemical တွေပါ၀င်ပြီး သူတို့တွေကြောင့် အဆုတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။
ဘယ်သူတွေထိခိုက်နိုင်လဲ

Vape က ထုတ်လွှတ်တဲ့ အငွေ့များက သောက်သုံးသူကိုသာမက မိမိပတ်၀န်းကျင်ရှိလူများနဲ့ မိမိ မိသားစုရဲ့ ကျန်းမာ‌ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ Vape ကထုတ်လွှတ်တဲ့အငွေ့တွေကို ကလေးများ ရှူရှိုက်မိတာ ကြာလာရင် ကလေးဖွံ့ဖြိုးနှုန်း၊ ကြီးထွားနှုန်းကို ထိခိုက်မှု ရှိလာနိုင်ပါတယ်။ Vape မှာပါတဲ့ အရည်ကို မတော်တဆသောက်သုံးမိခြင်း၊ တိုက်ရိုက်ရှူမိခြင်း၊ မျက်လုံးထဲ၀င်ခြင်း၊ အရေပြားပေါ်ထိခြင်းတို့ကြောင့် အန္တရာယ်ဖြစ်စေနိုင်ပြီး ကလေးငယ်များတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုကာကွယ်နိုင်မလဲ

ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ ရှင်းပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေနဲ့ ဝေးဝေး နေလိုက်ရုံပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲ့သလောက်မလွယ်ပါဘူး။ အကယ်၍ ဆေးလိပ်သောက်ခြင်း တားမြစ်ဇုန်တွေမှာ vape သောက်တာမျိုးရှိခဲ့ရင်လည်း ဆေးလိပ်သောက်ခြင်းနည်းတူ ပြစ်ဒဏ်များပေးခြင်းဖြင့်လည်း vape ငွေ့ အန္တရာယ်မှ ကာကွယ်နိုင်ပါတယ်။ မိမိကိုယ်တိုင်စတင် သောက်သုံးခြင်းကို မပြုလုပ်ခြင်းမှသာလျှင် အထိရောက်ဆုံး ကာကွယ်ခြင်းနည်းလမ်းဖြစ်နိုင်ပါတယ်။

ရေးသားသူ – Dr.Z

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly