အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး သေဆုံး

အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး သေဆုံး

ဇန်နဝါရီ ၃ ။       ။ အီရန် တော်လှန်ရေး အစောင့်တပ်၏ ထိပ်တန်း ဗိုလ်ချုပ်ကြီး Qasem Soleimani သည် အီရတ်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၃ ရက်က ဘဂ္ဂဒက်မြို့ နိုင်ငံတကာ လေဆိပ်တွင် အမေရိကန်တို့၏ တိုက်ခိုက်မှုတစ်ခုအတွင်း အီရန် ထိပ်တန်း တပ်မှူး ဗိုလ်ချုပ်ကြီး Qasem Soleimani သေဆုံးသွားခြင်း ဖြစ်ကြောင်း ပင်တဂွန်က အတည်ပြုသည်။

ယင်းကိစ္စကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာဖွယ် ရှိနေသည်။

အီရန် တော်လှန်ရေး အစောင့်တပ်၏ လက်ခွဲတပ်ဖွဲ့တစ်ခုဖြစ်သော Quds Force ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Qasem Soleimani အား သတ်ဖြတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် အမိန့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပင်တဂွန်က ပြောသည်။

ယခုအပတ်အတွင်း ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို အီရန်လိုလားသော လူအုပ်က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အီရန် ဗိုလ်ချုပ်ကြီး Qasem Soleimani အား သတ်ဖြတ်ရန် သမ္မတ ထရမ့်က ညွန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အီရန် ဗိုလ်ချုပ်ကြီး Qasem Soleimani သေဆုံးမှုကြောင့် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ မြင့်တက်လာဖွယ် ရှိနေပြီး အီရန်ဘက်ကလည်း အမေရိကန်နှင့် အစ္စရေးတို့အပေါ် လက်တုန့်ပြန်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။

အီရန် ဗိုလ်ချုပ်ကြီး Qasem Soleimani သည် အီရတ်နှင့် ဒေသတစ်ဝန်းရှိ အမေရိကန် သံတမန်များနှင့် အမှုထမ်းများကို တိုက်ခိုက်မည့် အစီအစဉ်များကို တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့သူဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly