၂၀၁၉ ခုနှစ်အတွက် အထူးခြားဆုံး - ရခိုင်ပြည်နယ်

၂၀၁၉ ခုနှစ်အတွက် အထူးခြားဆုံး - ရခိုင်ပြည်နယ်
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA)။ ဓာတ်ပုံ - AA

မြန်မာနိုင်ငံရဲ့ ၂၀၁၉ ခုနှစ် အထူးခြားဆုံး ဖြစ်ရပ်တစ်ခုကို ရွေးထုတ်ပါဆိုရင် မဇ္စျိမအနေနဲ့ မတုံ့ဆိုင်းဘဲ ပြောနိုင်တဲ့ အဖြစ် အပျက်ကတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်ပါပဲ။ ရခိုင်ပြည်နယ်ဟာ ၂၀၁၉ ခုနှစ်ရဲ့ ထူးခြားဖြစ်စဉ်ပါပဲ။

အရင်က ရခိုင်ပြည်နယ်နဲ့ ပတ်သက်ရင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခကပဲ သတင်းတွေမှာ လွှမ်းမိုးနေခဲ့တာကနေ အခု ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ နံနက်က ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) က တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဟာ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို တစ်ပြိုင်တည်း ဝင်တိုက်တဲ့ အဖြစ်အပျက် က လက်နက်ကိုင်ပဋိပက္ခ အသစ်ကြီးတစ်ခုရဲ့ ကန့်လန့်ကာကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲဖွင့်လိုက်ပါ တယ်။

ဒီမတိုင်ခင် လအနည်းငယ်က AA နဲ့ တပ်မတော်အကြား တိုက်ခိုက်မှုတွေ ရှိနေခဲ့ပေမယ့်လည်း အခု အဖြစ်အပျက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးဖို့ ငြင်းပယ်ထားပြီး လက်နက် စွန့်ဖို့ တောင်းဆို ခံခဲ့ရတဲ့ အဖွဲ့တချို႔ထဲက တစ်ဖွဲ့ဖြစ်တဲ့ AA အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ခြေကုပ်ယူပြီး ရခိုင်လူထု ထောက်ခံမှုကို သိမ်းပိုက်ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်ဒေသ အတော်များများမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ လေးလကြာ အပစ်အခတ်ရပ်စဲမှုကို အစိုးရက တဖက်သတ် ကြေညာအပြီး သီတင်းပတ် အနည်းငယ်အတွင်းမှာ ဖြစ်ခဲ့ တာပါ။

AA ရဲ့ ဘူးသီးတောင်မြို႔နယ်အတွင်းမှာ တိုက်ခိုက်မှုက လုံခြုံရေးတပ်ဖွဲ့တွေအတွက် အံ့သြစရာ ဖြစ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် မြင့်တိုးက တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကြိုတင် သတင်းရခဲ့ပေမယ့် ဒီလောက် အထိ မြန်မြန် တိုက်လိမ့်မယ်လို့ မထင်ခဲ့ဘူးလို့ သတင်းသမားတွေကို ပြောခဲ့တာလည်း တွေ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက လက်နက်ကိုင် ပဋိပက္ခအသစ်ဟာ ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံမြို့နယ် တို့ အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာပါ ၂၀၁၉ ခုနှစ် တစ်နှစ်ပတ်လုံး လိုလို ဖြစ်နေခဲ့ပြီး ဆက်ပြီးတော့လည်း စစ်မီးတောက် နေဦးမယ့် အနေအထားပါပဲ။

ဒီတိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အတွက်တော့ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဖို့ဆိုတာ ခက်ခဲလာခဲ့ပါတယ်။ မောင်းတော နယ်ခြားစောင့် ရဲကင်း၊ သံတောင်ရဲစခန်း၊ ယိုးတရုတ်ရဲကင်း၊ အုတ်ဖိုနဲ့ ညောင်ချောင်း ရဲစခန်းတွေ၊ လေညှင်းတောင် ယာယီ ရဲတပ်ဖွဲ့စခန်း စတဲ့ ရဲစခန်းတွေ တိုက်ခိုက်ခံခဲ့ရသလို ရဲဝန်ထမ်းတွေလည်း လုပ်ကြံခံရတာတွေ၊ မိုင်းခွဲ တိုက်ခိုက်ခံရ တာတွေလည်း ဖြစ်ခဲ့ပါတယ်။

ဂုပ္ပိရဲခန်းအား တိုက်ခိုက်မှုများနှင့် ပတ်သက်၍ နယ်စပ်စောင့်ရဲတစ်ဦးက သတင်းထောက်များအား ပြောကြားစဉ်။ ဓာတ်ပုံ - အီးပီအေ

ရခိုင်ပြည်နယ်အတွင်း တာဝန်ကျ ရဲတွေဟာလည်း AA ရဲ့ အဓိက ဦးတည် ပစ်မှတ်ထဲ ကျရောက်နေခဲ့သလို အုပ်ချုပ်ရေး မှူးတွေ၊ မီးသတ် တပ်ဖွဲ့ဝင်တွေ၊ အစိုးရ ဝန်ထမ်းတွေပါ ဖမ်းဆီး ခံခဲ့ရပါတယ်။

တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့အမျှ AA ကော၊ တပ်မတော် ဘက်ကပါ ဖမ်းဆီးခံရသူတွေ များလာသလို  အရပ်သားတွေ လည်း ဖမ်းဆီးခံရမှုတွေ များလာပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာအရ AA က ဖမ်းဆီးခဲ့တာ အရပ်သား ၈၂ ဦး ရှိတယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်က ဖမ်းဆီးသူတွေထဲ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေး ၂ ဦး အပါအဝင် ညီ၊ ညီမနဲ့ ယောက်ဖတို့တွေ ပါဝင်သလို ပဋိပက္ခဖြစ်ပွားရာ ဒေသခံတွေလည်း ပါဝင်ပါတယ်။

တစ်ခါတစ်ရံမှာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေထဲကို  လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့တဲ့အတွက် ဒေသခံ ပြည်သူလူထု အသေအပျောက်နဲ့ ဒဏ်ရာရမှုတွေ ရှိတယ်ပါတယ်။ ဒီအပေါ်ကိုလည်း တိုက်ခိုက်နေကြတဲ့ နှစ်ဘက်စလုံးက သူတို့ ပစ်တာမဟုတ်ဘူးဆိုပြီးတော့ ငြင်းဆိုတက်ကြလို့ လက်သည် ရှာမရတဲ့ အဖြစ်တွေလည်း ရှိနေပါတယ်။

မတ်လအတွင်းက ဘူးသီးတောင်မြို႔နယ်ထဲက စည်တောင်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်လို့ ရွာသား ငါးဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို မြောက်ဦးမြို႔နယ်မှာလည်း သုံးဦး သေဆုံးပြီ ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာလ အတွင်းမှာတော့ ဘူးသီးတောင်က ကွမ်းတောင်ရွာမှာ ရှို့မီးလို့ ယုံကြည်ရတဲ့ မီးလောင်ကျွမ်းမှုဖြစ်လို့ နေအိမ် ၁၀ လုံးလောက် ပျက်စီးသွားခဲ့ပေမယ့် အခုထိ တရားခံကို မဖော်ထုတ်နိုင်သေးပဲ ဖြစ်နေပါတယ်။

ဒေါက်တာအေးမောင် လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုများ

ဓာတ်ပုံ - အီးပီအေ

ရသေ့တောင်မြို့မှာ ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း (၂၃၃) နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေ ဟောပြောပွဲမှာ လက်နက်ကိုင် တော်လှန်ရေးအတွက် ဟောပြောခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ အမ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တွေနဲ့ ထောင်ဒဏ် အနှစ်(၂၀) တပေါင်းတည်း ချမှတ်မှု ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှာ စစ်တွေခရိုင် တရားရုံးတော်က အမိန့်ချမှတ်ခဲ့ပါတယ်။

သူတို့ လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး ဆန္ဒပြတာတွေ ကျောက်တော်၊ ဘူးသီးတောင်၊ မာန်အောင်၊ မင်းပြား၊ မောင်းတော စတဲ့ မြို ့နယ်တွေမှာ ရှိခဲ့သလို ပြည်ပရောက် ရခိုင်တိုင်းရင်းသားတွေကလည်း ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

သူတို့ဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ အယူအဆကို ဟောပြောတာကြောင့် ပြစ်ဒဏ်ချမှတ်ခံရရင် နိုင်ငံရေး အကျဉ်း သားလို့ သတ်မှတ်လို့မရဘဲ ရာဇဝတ်ပြစ်မှုလို့သာ သတ်မှတ်ရမှာ ဖြစ်တယ်လို့ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပြီး နိုင်ငံရေး အကျဉ်းသား အရေး လှုပ်ရှားသူတွေကတော့ သူတို့ကို နိုင်ငံရေးအကျဉ်းသားရယ်လို့ သတ်မှတ်မှု ကွဲလွဲတာလည်း ဖြစ်ပွားခဲ့ ပါသေးတယ်။

AA ရဲ့ နိုင်ငံရေး ရည်မှန်းချက်

ဓာတ်ပုံ - အီးပီအေ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဧရာဝတီသတင်းဌာနက နန်းလွင်နှင်းပွင့်ရဲ့ သီးသန့် အင်တာဗျူးတွေကနေ ထုတ် ဖော် ပြောဆိုချက်မှာ ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရိတ်အဆင့်ရတဲ့အထိ ကြိုးစားသွားဖို့ နိုင်ငံရေး ရည်မှန်းချက် ရှိတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့က အခြေခံဥပဒေနဲ့အညီ “၀”လိုမျိုး အာဏာခွဲဝေမှု မြင့်မားတဲ့ (Confederate) အခြေအနေကို ပိုသဘော ကျတယ်။ ကျွန်တော်တို့ ရခိုင်ပြည်၊ ရခိုင်သမိုင်း၊ ရခိုင်လူမျိုး မျှော်လင့်ချက်နဲ့လည်း ပိုပြီး ဆီလျော်တယ်ထင်တယ်” လို့ ပြော ထားတာတွေ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း လာရောက် ရင်းနှီးမြုပ်နှံတဲ့ တရုတ်နိုင်ငံက စီမံကိန်းတွေကို ဆန့်ကျင်စရာ လုံးဝ မရှိကြောင်းလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတင်းသမားတွေကို ပြောတာတွေ့ရပါတယ်။

“ကျွန်တော်တို့ တိုင်းပြည်တော့ ဟုတ်တယ်။ ရခိုင်နေတဲ့ တိုင်းပြည်တော့ ဟုတ်တယ်။ ဒါပေမယ့် ဒီအချိန်မှာ ရခိုင်တွေ မပိုင်ဘူး။ ကျွန်တော်တို့ တိုင်းပြည်ကို ဒီဗဟိုအစိုးရက လက်ညိုးထိုးပြီး ရောင်းစားနေတာပဲ။ ကျွန်တော်တို့မှာ ရစရာ ဘာမှ မရှိဘူး။ တကယ်လို့ အဲဒီနေရာ (စီမံကိန်း)ကနေ ကျွန်တော်တို့အတွက် တချို႕တစ်ဝက်ရခဲ့ရင်တောင်မှ အရှုံးထဲက အမြတ် ပေ့ါဗျာ။ ဒါကြောင့် ကျွန်တော်တို့က တရုတ်ရဲ့ စီမံကိန်းတွေကို ဆန့်ကျင်နေစရာအကြောင်း လုံးဝမရှိဘူး” လို့ ပြောထား ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးတွေဟာ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ မြန်မာ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား လှုပ်လှုပ် ခတ်ခတ်ရှိလှသလို အငြင်းပွားဖွယ်ရာလည်း ဖြစ်ခဲ့ပါတယ်။ ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးတစ်ခုမှာ AA အဖွဲ့ လှုပ်ရှားရာ ဒေသတွေက စီမံကိန်းနဲ့စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူတွေကို ၂၀၂၀ ပြည့်နှစ်ကစလို့ အခွန်ခေါင်းစဉ်နဲ့ ငွေကောက်တော့မယ်လို့ ဆိုပါတယ်။

လက်ရှိ AA လှုပ်ရှားရာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စီမံကိန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ အားလုံးကို စိစစ်နေပြီး ဘယ်လုပ်ငန်းက ဘယ်လောက်ပမာဏာ ပေးဆောင်ရမယ်ဆိုတာ တွက်ချက်နေတယ်လို့ ဆိုပါတယ်။ ဒါအပြင် အစိုးရဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ကိုလည်း အခွန်ကောက်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။  

“ကျွန်တော်တို့ ULA ကို အခွန်ဆောင်ရမယ်။ မဆောင်လို့ မရဘူး၊ မဆောင်ရင် ပေးလုပ်မှာ မဟုတ်ဘူး။ ဒါ အရှင်းဆုံး ပြော တာ။ ကျွန်တော်တို့ Arakan Government ကိုတော့ မထူထောင်သေးဘူး။ ဒါပေမယ့် ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကို တော့ ကျွန်တော်တို့ ထူထောင်တော့မယ်” လို့ ပြောတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှှာ ရွေးကောက်ပွဲ လုပ်ချင်ရင် လာညှိနှိုင်းဖို့လိုမယ်လို့လည်း ဆိုပါတယ်။

“ ကျွန်တော်တို့ကို လာပြီးညှိနှိုင်းမယ်။ သဘောကတော့နော် ပြည်သူတွေကလည်း ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်၊ အစိုးရကလည်း ဖြစ်စေချင်တယ်ဆိုရင် ကျွန်တော်တို့နဲ့ လာပြီးညှိနှိုင်းပေါ့” လို့ ဆိုပါတယ်။

ချင်းပြည်နယ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံရမှု

ချင်းပြည်နယ်၊ ပလက်ဝမြို ့နယ်၊ အမှတ် ၁၁ မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၊ အိန္ဒိယနိုင်ငံ သား ငါးဦး အပါအဝင် ၁၀ ဦးအဖွဲ့ တစ်ဖွဲ့ဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့က စပိဘုတ်နဲ့ ချင်းပြည်နယ်၊ပလက်ဝမြို႔ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော် သွားရာလမ်းမှာ AA ရဲ ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

ဖမ်းခံရသူတွေထဲက အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ တစ်ဦး နှလုံးရောဂါနဲ့ သေဆုံးသွားပြီးနောက် ကျန်သူတွေကို လွှတ်ပေးခဲ့ပေမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ယနေ့ချိန်ထိ ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံမှု

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က တရုတ်ပိုင်ရေနံချက်စက်ရုံ။ ဓာတ်ပုံ - AFP

ရခိုင်ပြည်နယ်ဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စိတ်အဝင်စားဆုံး ခံရတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်လို့ ဆိုလိုက်တာနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေက တွဲမြင်လာတဲ့အထိကိုလည်း စွမ်းအင်ကဏ္ဍ အတွက် အရေးကြီးပါတယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ ရခို်င်ပြည်နယ်မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၂၇ ခုမှာ စွမ်းအင်ကဏ္ဍက ၂၅ ခု ရှိပါတယ်။

အဲဒီအထဲက အများစုဟာ ကျောက်ဖြူမှာ လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ပြည်ပ ရင်းနှီးမြုပ်နှံမှုကို ဆက်နွယ်ပြီး ဟိုတယ်နဲ့ ခရီးသွားကဏ္ဍမှာ ပြည်တွင်း ရင်းနှီးမြုပ်နှံမှုလည်း များလာခဲ့ပါတယ်။ ပြည်တွင်း ရင်းနှီးမြုပ်နှံမှု ၂၅ ခုမှာတော့ ဟိုတယ်နဲ့ ခရီးသွား ကဏ္ဍတွေက ၁၃ ခု ဖြစ်ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်ဟာ ပထဝီနိုင်ငံရေးအရ အရေးပါသလို ဖွံ႔ဖြိုးရေး စီမံကိန်းတွေလည်း အကောင်အထည်ဖော်ဖို့ အစိုးရက ကြိုးစားနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

ကုလားတန် ဖွံ့ဖြိုးရေး စီမံကိန်း  ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် မြောက်ဦးမြို့ သစ်နဲ့ လေဆိပ် စီမံကိန်း၊ ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်း၊ ကညင်ချောင်း ကုန်သွယ်ရေး စီမံကိန်းတွေ ရှိသလို တရုတ် နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်း(BRI) ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ကို အကောင်အထည် ဖော်ရာ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို အိန္ဒိယအစိုးရက အဆိုပြု ထားတာဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၅၀၀ တန် စီမံကိန်းကြီးဖြစ်ပါတယ်။ အိန္ဒိယအစိုးရက ၎င်းတို့ရဲ့ ကုန်းတွင်းပိတ် ပြည်နယ်တွေကို မြန်မာကနေ တဆင့် ဖြတ်သန်းပြီး အိန္ဒိယပြည်မကြီးနဲ့ ဆက်သွယ်ဖို့ စီစဉ်ထားတာဖြစ်၍ ၂၀၂၀ ခုနှစ်မှာ စီမံကိန်းကို အပြီးသတ်ဖို့ စီစဉ်ထား ပါတယ်။

ဒါပေမယ့် ဒီစီမံကိန်းကြီးဟာ ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် တိုက်ရိုက် ထိခိုက်နေပါတယ်။ စီမံကိန်းအရ ချင်းပြည်နယ် ပလက်ဝမြို့က တည်ဆောက်ရေး လုပ်ငန်းတွေက အဓိက ပါဝင်နေရာမှာ AA အဓိက လှုပ်ရှားရာ ဒေသထဲမှာပါပြီး တိုက်ပွဲ တွေကြောင့် ချင်းပြည်နယ်အစိုးရက ကုလားတန်မြစ် စီမံကိန်းနဲ့ ကုလားတန် တံတား တည်ဆောက်ရေး တို့ကို ယာယီ ရပ်ဆိုင်းထားရပါတယ်။

အလားတူပဲ စစ်မီးကြောင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ မြောက်ဦးမြို ့မှာဆိုရင် အရင်က နှစ်စဉ် နိုင်ငံခြား ခရီး သည် ၄၀၀၀ ကျော် ဝင်ရောက်ခဲ့တာကနေ အခုဆိုရင် နိုင်ငံခြားခရီးသည် လုံးဝ မရှိတော့ပါဘူး။ မြောက်ဦးက ဟိုတယ်နဲ့ တည်းခိုခန်း လုပ်ငန်း ၂၀ ကျော် ပိတ်သိမ်းခဲ့ရတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းဆိုရင် အခုထက်ထိ မစနိုင်သေးသလို ကညင်ချောင်း ကုန်သွယ်ရေး ဇုန်စီမံကိန်း ဟာလည်း သတ်မှတ်ချိန်ထက် နောက်ကျနေကာ ဘယ်တော့ပြီးစီးမယ်ဆိုတာလည်း မရေရာလှပါဘူး။

မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ် လာမည့် တရုတ်ခေတ်သစ် ပိုးလမ်းမလို့လည်း ခေါ်ဆိုကြတဲ့ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်းရဲ႕ အစိတ်အပိုင်း ဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကတော့ အခြေအနေ ကောင်းပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်းနဲ့ လူနေအိမ်ရာ ရယ်လို့ နှစ်ပိုင်းခွဲထားပြီး စီမံကိန်း တန်ဖိုးက အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ရှိပါလိမ့်မယ်။ လက်ရှိ အချိန်အထိ တိုက်ပွဲနယ်နမိတ်ထဲ မကျရောက်လို့ ဆက်လက် လုပ်ဆောင်မယ်လို့ တရုတ်နိုင်ငံက ဆိုပါတယ်။

အင်တာနက်

စစ်တွေမြို့က ဆက်သွယ်ရေးတာဝိုင်တိုင်။ ဓာတ်ပုံ - အီးပီအေ

ရခိုင်ပြည်နယ်ထဲက မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းတို့မှာ အင်တာနက် ဖြတ်ထားတာ အခုဆိုရင် ခြောက်လ ကျော်လာပါပြီ။ ဒါတောင်မှ မြို့နယ် ကိုးခုမှာ အင်တာနက် ဖြတ်ထားတာကနေ ထက်ဝက်ကျော် လျှော့ချ ပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်အထိ အဖြတ်ခံထားရတဲ့ မြို့ လေးမြို႔မှာ လူဦးရေ ခုနှစ်(၇ သိန်း)သိန်းနီးပါး နေထိုင်နေတာ ဖြစ်ပါတယ်။ အင်တာနက် သုံးစွဲခွင့် ရရှိရေးဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၁၉ ခုက ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဂူတာပြင်ဖြစ်စဉ်

ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ အကြောင်းပြောရင် ဂူတာပြင်ဖြစ်စဉ်ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို႔နယ် ဂူတာပြင်ကျေးရွာ ဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့ ရုပ်အလောင်းတွေ နေရာ ငါးနေရာမှာ အစုလိုက်အပြုံလိုက် မြုပ်နှံထားတယ်၊ ဒီရုပ်အလောင်းတွေကို အက်ဆစ်လောင်းပြီး ဖျောက်ဖျက်ဖို့ စီစဉ်ထားခဲ့ တာကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေယ်လို့ နာမည်ကျော် နိုင်ငံခြားသတင်းဌာနတစ်ခုဖြစ်တဲ့ အေပီသတင်းဌာနက ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က သတင်းထုတ်ခဲ့ပါတယ်။ 

အေပီ(AP)သတင်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ ပါဝင်တဲ့ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က “စနစ်တကျု ကွင်းဆင်း စစ်ဆေးရာမှာ ပဏာမ စစ်ဆေးချက်အရ မှန်ကန်မှုမရှိဘူး”လို့ သမ္မတရုံးဝန်ကြီးဌာနက တစ်လကျော်အကြာမှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ နှောင်းပိုင်းမှာတော့ သမ္မတရုံးဝန်ကြီးဌာနက ဂူတာပြင်ဖြစ်စဉ်နဲ့စပ်လျဉ်းပြီး ပြစ်မှု ကျူးလွန်တယ်လို့ ကနဦး တွေ့ရှိရသူတွေကို ဘူးသီးတောင်မြို႕နယ် နယ်မြေခံတပ်မှာ စစ်တရားရုံး (Court martial) နဲ့ စတင် စစ်ဆေး သွားမယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့ပြန်ပါတယ်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ် မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဘူးသီးတောင်၊ မောင်းတော နယ်မြေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၅ ရက်အထိ ဒုတိယအကြိမ် သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင် ပျက်စီးသွားခဲ့တဲ့ ဂူတာပြင်ရွာကနေ အိမ်တွေကိုလည်း ၂၀၁၉ ခုနှစ်၊မေလမှာ ဆောက်လုပ်မှု ပြီးစီးခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲ

ဓာတ်ပုံ - အီးပီအေ

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားကြောင်း မြန်မာအစိုးရ ဘက်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က တရားဝင် အကြောင်းကြားခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆို လျှောက်ထားမှုမှာ ကြားဖြတ် စီမံဆောင်ရွက်ချက် (Provisional Measures) ချမှတ်ပေးဖို့ဆိုတာ ပါပါတယ်။

ဒီတရားစွဲဆို လျှောက်ထားမှုကို တုံ့ပြန်လျှောက်လဲချက် တင်သွင်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ဦးဆောင် ပါဝင်ခဲ့ပါတယ်။

NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်း အဖမ်းခံရပြီး သေဆုံး

ဘူးသီးတောင်မြို႔နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်း။ ဓာတ္ပုံ - Ye Thein/Facebook

ICJ မှာ တရားရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲကြောင်း ဘူးသီးတောင်မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာကြောင့် ဒီဇင်ဘာ ၁၁ ရက်က ဘူးသီးတောင်မြို႔နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်းကို AA က ဖမ်းဆီး သွားခဲ့ပါတယ်။ ဒီနောက် ဒီဇင်ဘာ ၂၅ ရက်မှာတော့ ဖမ်းဆီးထားတဲ့ ဦးရဲသိန်း သေဆုံးသွားကြောင်း AA ကထုတ်ပြန် ခဲ့ပါတယ်။

တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ဦးရဲသိန်း သေတာဖြစ်ပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပြတ်တောက်သွားတာမို့ မြေမြုပ်သဂြိုလ်ခဲ့တယ်၊ ဓာတ်ပုံတွေ ထုတ်ပြန်ပေးဖို့ မရှိဘူးလို့ သတင်း မီဒီယာတွေကို ပြောခဲ့ပါတယ်။

တစ်ရက်တည်းမှာပဲ တပ်မတော်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဦးရဲသိန်း သေတာ တပ်မတော်ရဲ့ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် မဟုတ်ဘဲ AA ဖမ်းဆီးသွားကတည်းက နှိပ်စက်သတ်ဖြတ်ပြီး ဖြစ်တယ်ဆိုတာ ဒေသခံတွေကနေတဆင့် သိခဲ့ရတယ်လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required