မန္တလေးမှာ နှစ်သစ်ကူးည လူသေဆုံးမှုမရှိသလို ခိုက်ရန်ဖြစ်ပွားမှုလည်း မရှိသလောက် နည်းပါးခဲ့

မန္တလေးမှာ နှစ်သစ်ကူးည လူသေဆုံးမှုမရှိသလို ခိုက်ရန်ဖြစ်ပွားမှုလည်း မရှိသလောက် နည်းပါးခဲ့
ပုံ - MOI  မန္တလေး ကျုံးဘေးကနေ မန္တလေးတောင်ကို မြင်ရစဉ်။

မန္တလေး၊ ဇန်နဝါရီ ၁။         ။ မန္တလေးတိုင်းဒေသကြီးအတွင်းက ခုနှစ်မြို့နယ်တွင် ၂၀၁၉ အကုန် နှစ်သစ်ကူးညတွင် သေဆုံးမှု မရှိသည့်အပြင် ခိုက်ရန် ဖြစ်ပွားမှုမှာလည်း မရှိသလောက် ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းလှထူးက ပြောသည်။

မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုင်းလှထူးက “နှစ်သစ်ကူး ညပိုင်းမှာ ယာဉ်တိုက်မှု ဖြစ်စဉ်တွေတော့ ရှိတာပေါ့။ တခြား မှုခင်းဖြစ်စဉ်တွေမှာ ထူးထူးခြားခြား တော့ မရှိပါဘူး။ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိပေမယ့် အတော်ကို နည်းသွားသလို သေဆုံးမှုလည်း မရှိဘူး”ဟု ပြောသည်။

နှစ်သစ်ကူးညတွင် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက ယာဉ်လမ်း ရှင်းလင်းရေးနှင့် လူမှု ကယ်ဆယ်ရေး အဖွဲ့များက ကူညီစောင့်ရှောက်ရေးတို့ကို အသီးသီး ဆောင်ရွက်ခဲ့ကြသည်။ ထိုခိုက် ဒဏ်ရာ ရသူများမှာ ယာဉ်တိုက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု အနည်းအငယ်များကြောင့် ဒဏ်ရာရသူများသာ ဆေးရုံသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

One to One ပရဟိတကူညီရေးမှ ကိုဝမ်းက “မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ချမ်းအေးသာစံ)အပါအဝင် ကူညီဖို့ အသင်းအဖွဲ့တွေက OPT မှာ ည ၂ နာရီကျော်ထိ စောင့်ဆိုင်း ကူညီခဲ့ကြတယ်။ ဒီနှစ်က အရင်နှစ်ကထက် နည်းတယ်။ မနှစ်က ၈၀ ကျော် လောက်ရှိမယ်၊ အများအားဖြင့် ယာဉ်တိုက်မှုဖြစ်ပြီး ရန်ဖြစ်တဲ့ ဒဏ်ရာနဲ့ ရောက်လာကြတယ်။ ဓားထိုးမှု လူနာတစ်ဦးတော့ တွေ့တယ်’’ဟု ပြောသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(အထက်မြန်မာပြည်)မှ ကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ခဲ့ရာ ည ၆ နာရီမှ ဇန်နဝါရီ ၁ ရက် နံနက် ၂ နာရီခွဲထိ မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် စာရင်းများအရ ရဲမှုခင်းလူနာ ၂၄ ဦးနှင့် သာမာန် ထိခိုက်ဒဏ်ရာ ၃၅ ဦး ရောက်ရှိလာခဲ့ဲပြီး ယခင်နှစ်များထက် နည်းပါးခဲ့ကြောင်း သိရသည်။

လူမှုကူညီရေးအဖွဲ့များသည် ကယ်ဆယ်ရေးယာဉ်များဖြင့် လူစည်ကားသည့် ကျုံးအရှေ့ဘက်လမ်း ၁၉ လမ်းနှင့်၂၀ ကြားတွင် စုရပ်ထားရှိပြီး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

နှစ်သစ်ကူးညတွင် မန္တလေးမြို့ ကျုံးမြို့ရိုး တောင်ဘက် မြို့တော်စည်ပင် သာယာရုံးရှေ့တွင် တီးဝိုင်းဖြင့် နှစ်သစ်သို့ ကူးပြောင်းချိန် ည ၁၂ နာရီထိ ဖျော်ဖြေ တင်ဆက်မှု ပြုလုပ်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က နှစ်သစ်ကူး ကြိုဆို စကားပြောခဲ့သည်။

ထို့နောက် ကျုံးအရှေ့ဘက်နှင့် တောင်ဘက်တို့တွင် အစည်းကားဆုံး ဖြစ်ခဲ့ပြီး ဆိုင်ကယ်များ၊ မော်တော်ယာဉ်များဖြင့် သွားလာကြရာ ယာဉ်တိုက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သော်လည်း ယခင်နှစ်ထက် နည်းပါးခဲ့ကြောင်း သိရသည်

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly