နှစ်သစ်ကူးတွင် ကျပ်သိန်း တစ်သောင်းခွဲဆုရှင် မြိတ်မှ ဆွတ်ခူး

နှစ်သစ်ကူးတွင် ကျပ်သိန်း တစ်သောင်းခွဲဆုရှင် မြိတ်မှ ဆွတ်ခူး
ပုံ- ဒီမိုးသွေး(မြိတ်)  ကျပ်သိန်း တစ်သောင်းခွဲ ဆုရှင် မိသားစု

မြိတ်၊ ဇန်နဝါရီ (၁) ။     ။ ၂၀၂၀ ခုနှစ် ဇန်နာဝါရီလ ၁ ရက်နေ့မှာ ကျရောက်သော နှစ်သစ်ကူးတွင် ထွက်ရှိသည့် အောင်ဘာလေထီ ကျပ်သိန်း တစ်သောင်းခွဲ ဆုကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ အဝတ်ထည် ရောင်းချသူ ဇနီးမောင်နှံ နှစ်ဦးက ဆွတ်ခူး လိုက် ကြောင်း သိရသည်။

အဆိုပါ ကျပ်သိန်း တစ်သောင်းခွဲဆု (၃)စောင်တွဲကို မြိတ်မြို့နယ်၊ မြိတ်တောင်နယ်မြေ အောင်မင်္ဂလာရပ်ကွက်ရှိ ရတနာ သိန်းထိုက်အောင်ထီဆိုင်မှ လစဉ် ဝယ်ယူထားရာမှ ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ကျပ်သိန်း တစ်သောင်းခွဲဆုရှင်က ပြောသည်။

ထီပေါက်သူ ဦးသန်းထွေးက“ဒီနေ့ မနက်က ထီဆိုင်က ထီရောင်းတဲ့ ကောင်မလေးက ဦးသန်းထွေး ထီပေါက်တယ် ဆိုပြီး၊ ဖုန်းဆက်လို့ သိရပါတယ်၊ သိန်း တစ်သောင်းလို့ ပြောတော့ အရမ်း ဝမ်းသာမိတယ်”ဟု ပြောသည်။

အဆိုပါ ကျပ်သိန်း တစ်သောင်းခွဲ ထီဆုကို မြိတ်မြို့မှာ ပထမဦးဆုံးအကြိမ်အဖြစ် ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း မြိတ် အခြေစိုက် ထီဆိုင် အသိုင်းအဝန်းမှ သိရသည်။

ဦးသန်းထွေးက “ကျွန်တော်က ထီထိုးရင် လှူဖို့ တန်းဖို့ကို ရည်စူးပြီး ထိုးတာ ဖြစ်တယ်၊ လတိုင်းလည်း မပျက်အောင် ထိုးဖြစ်ပါတယ်၊ လှူဖို့ အတွက် ရည်စူးထားလို့ ပေါက်တယ်လို့ ထင်တယ်”လို့ ပြောသည်။

တစ်သောင်းခွဲဆုကို ဆွတ်ခူးသည့်အတွက် အလှူကြီး တန်းကြီးများ လုပ်သွားမည်ဖြစ်သလို ဆင်ရဲနွမ်းပါးသူများ၊ မိဘမဲ့ ကလေးငယ်များနှင့် အဆင်မပြေသည့် လမ်းဘေး ဈေးသည်များကိုလည်း အလှူပေးသွားမည်ဟု ၎င်းက ပြောသည်။

ဦးသန်းထွေး၏ ဇနီးဖြစ်သူ ဒေါ်အေးအေးမိုးက “အရင်ကတော့ ၅ သောင်းဆု ၂ ခါ ပေါက်ဖူးပါတယ်၊ အခုလိုမျိုး ဆုအကြီးကြီး မပေါက်ဖူးသေးပါဘူး၊ အရမ်းပျော်တယ်”ဟု ပြောသည်။

အောင်ဘာလေထီ ဆုရှင် ဇနီးမောင်နှံ ၂ ဦးတွင် ကလေး ၂ ဦးရှိသည်။ ၎င်းတို့ ဇနီးမောင်နှံသည် မြိတ်မြို့၊ ရူတောရပ်ကွက် ဗိုလ်ဗထူးလမ်းသွယ် (၃) တွင် နေထိုင်လျက်ရှိပြီး အောင်မင်္ဂလာဈေးမှာ တန်ဖိုးနည်း အဝတ်အထည်ဖွင့်ထားကြောင်း သိရ သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required