တာမွေပျံကျဈေးရုံတွင် ယာယီဆိုင်ခန်း ၄၀၀ ကျော် တည်ဆောက်မည်

တာမွေပျံကျဈေးရုံတွင် ယာယီဆိုင်ခန်း ၄၀၀ ကျော် တည်ဆောက်မည်
ဓာတ်ပုံ - ဆုမြတ်မေဇော်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁။     ။  တာမွေဈေးသစ် တည်ဆောက်ချိန်တွင် မှတ်ပုံတင် ဆိုင်ခန်းများ ရွေ့ပြောင်း ရောင်းချရမယ့် ယာယီ ဆိုင်ခန်း ၄၀၀ ကျော် ကို စည်ပင်က ရှင်းလင်းထားသည့် ပျံကျဈေးရုံနေရာမှာ ဇန်နဝါရီ ၁ ရက်တွင်  စတင် တည်ဆောက်သွားမည်ဟု ရန်ကုန် စည်ပင် သာယာရေး ကော်မတီ(ဈေးများဌာန)မှ ဒုတိယဌာနမှူး ဦးသောင်းတင်က ပြောသည်။

မိုးမကျခင်မှာ ဈေးသစ် စီမံကိန်းကို အုတ်မြစ်  (foundation)ချနိုင်ရန် မှတ်ပုံတင် ဈေးဆိုင်ခန်းများ ဈေးမဆောက်ခင် အချိန်မှီ ပြောင်းရွေ့နိုင်မည့် ယာယီဆိုင်ခန်း ၄၀၀ ကျော်ကို တစ်လအတွင်း အပြီး ဆောက်လုပ်ရန် ကုမ္ပဏီဘက်ကို တိုက်တွန်း ထားသည်ဟု  ၎င်းက ဆိုသည်။

ဦးသောင်းတင် “လက်ရှိဈေးသည်တွေ အရောင်းအဝယ် မပျက်ရအောင် ကျွန်တော်တို့က စီမံဖန်တီးပေးရတာပေါ့။ အခု ဖျက်လိုက်တဲ့ နေရာတွေက ပျံကျဈေးသည်တွေနေရာပေါ့။ ကျွန်တော်တို့က ပျံကျဈေးသည်တွေကိုလည်း မရောင်းနဲ့ဆိုပြီး တားလို့မရဘူး၊ သူတို့ကို ယာယီဆိုင်ခန်းလေးတွေ ဆောက်ပေးပြီးမှ ရွေ့ပေးရတာပေါ့။ ဒီနေရာမှာလည်း ယာယီဆိုင်ခန်း တွေ ဆောက်ပြီး အကုန်ပြောင်းပြီးပြီဆိုမှ ပင်မဈေးရုံကို ပြန်ပြောင်းဆောက်ရမှာပေါ့ ” ဟု ၎င်းက ဆိုသည်။

သတ်မှတ်ရက်အထိ မပြောင်းရွေ့ ရသေးသော ပျံကျဈေးသည်များ၊ ဂိုထောင်ရုံများနှင့် ဆိုင်ခန်း တချို့ကို ဒီဇင်ဘာ ၂၉ ရက်နေ့ ညပိုင်းက စတင်ပြီး ရန်ကုန်စည်ပင် သာယာရေး ကော်မတီ(ဈေးများဌာန)က ဖယ်ရှား ရှင်းလင်းခဲ့သည်။

တာမွေဈေးသစ် တည်ဆောက်ရာတွင် ယာယီရွေ့ပြောင်း ရောင်းချရမည့် ဈေးနေရာသစ် တချို့သည် လူသွား လူလာ နည်းပါးသည့် နေရာဖြစ်သောကြောင့် ဝယ်သူမလာမှာကိုလည်း ဈေးသူ/ဈေးသားများက စိုးရိမ်လျက်ရှိနေကြသည်။

တာမွေဈေးတွင် အနှစ်(၃၀)ခန့် ဈေးရောင်းလာသည့် ဒေါ်အုန်းမြင့်က “ဈေးရောင်း မကောင်းမှာကို စိတ်ပူရတာပေါ့ ဟိုဘက်ဈေးကနေ ဒီကို ပြောင်းလာတုံးကလည်း ဒုက္ခခံခဲ့ရတယ်။ အခုအောက်ကနေ အပေါ်ကို ပြောင်းလာတော့လည်း ဒုက္ခခံရတာပဲ၊ တနေ့မဟုတ် တနေ့တော့ ကောင်းလာမယ်လို့ မျှော်လင့်ရတာပဲ”ဟု ဆိုသည်။

စည်ပင်နှင့် ကုမ္မဏီဘက်က ယာယီဆိုင်ခန်းများကို နေရာချထားသော်လည်း ဈေးသည်များအနေနှင့် ဈေးဆိုင်လုံခြုံရေး အတွက် ပြင်ဆင်မှုများကို အလုပ်သမားငှားကာ ငွေကြေး အကုန်အကျခံ ပြုလုပ်နေရသည်ဟု  ဈေးသူ/ဈေးသားများက ဆိုသည်။

စည်ပင်က ပျံကျဈေးသည်များနှင့် မှတ်ပုံတင် ဆိုင်ခန်းဈေးသည် တချို့ကို ယာယီဆိုင်ခန်းများဆီ ဇန်နဝါရီ ၄ ရက်နေ့မှာ အပြီးရွေ့ပြောင်း ခိုင်းထားသည်ဟု ဈေးသူ/ဈေးသားများက ပြောကြသည်။
မြိတ်ငပိနှင့် ဒေသထွက် အစားအစာများ ရောင်းချနေသူ ဒေါ်ယုက “သူတို့က ၄ ရက်နေ့ကို အပြီးပြောင်းခိုင်း တယ်ဆိုပေ မယ့် အခုညနေထဲက အပြီးပြောင်းလိုက်တော့မယ်လေ သူတို့ စိတ်တိုင်းကျပေါ့။ မဲစနစ်နဲ့ဆိုတော့ ဟိုး ချောင်ထဲရောက် လည်း ကျတဲ့ နေရာယူရမှာပဲ၊ စားချင်တဲ့လူက လာမှာပဲ။ မလာတော့လည်း ဘယ်တက်နိုင်မလဲ” ဟု ဆိုသည်။

ဈေးသစ် တည်ဆောက် နေချိန်တွင် ယာယီရောင်းချနိုင်မည့် ဈေးဆိုင်ခန်းများကို မဲစနစ်နှင့် နေရာချထားပေးပြီး ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မဲပေါက်သည့် ဆိုင်ခန်းနေရာများကို ကြေညာပေးခဲ့ပါသည်။
လာမည့်  နှစ်လအတွင်း ယာယီဆိုင်ခန်းများ နေရာချထားပြီး တာမွေ အဆင့်မြင့် ဈေးသစ်ကို အမြန်ဆုံး တည်ဆောက် သွားမှာ ဖြစ်သည်ဟု ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ (၁၈)ရက်နေ့က တာမွေဈေးသူ/ဈေးသားများသည် တောင်းဆိုထားသော အချက်(၈)ချက်ကို မရဘဲ ဈေးသစ် တည်ဆောက်ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required