(၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မနောပွဲကျင်းပမည့် အစီအစဉ် ဖျက်သိမ်း

(၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မနောပွဲကျင်းပမည့် အစီအစဉ် ဖျက်သိမ်း
ပုံ - MOIကချင်ပြည်နယ်၊ မြစ်ကြီးနားက မနောပွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက်။          ။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မနောပွဲ ထည့်သွင်း ကျင်းပသွားရန် မူလက စီစဉ်ထားသော်လည်း ယခုအခါ၌ ကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်နေ့တွင် ပွဲတော်အမည်အား ကချင်ဘာသာနှင့် ရေးသားသည်တွင် အသုံးပြုသည့် အမည်နှင့် ပတ်သက်၍ အငြင်းပွား စရာများ ရှိခြင်းကြောင့် ကချင်ပြည်နေ့တွင် မနောပွဲကျင်းပမည့် အစီအစဉ်အား ဖျက်သိမ်း လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က "စာသားက ကျွန်တော်တို့ ကချင်မျိုးနွယ်စုက ၆ မျိုးရှိ တယ်လေ။ စာက တစ်မျိုးပဲပါတဲ့ ပုံစံမျိုးနဲ့ ကချင်ပြည်နယ်နေ့လို့ ရေးတဲ့ ပုံစံမျိုးနဲ့ဆိုတော့ ကျန်တဲ့မျိုးနွယ်စု ၅ စုက သိပ်ပြီး မကြိုက်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါအားလုံး ဝိုင်းညှိနေရပါတယ်" ဟု ဆိုသည်။

အမည် အသုံးပြုမှုကိစ္စ အငြင်းပွား နေခြင်းကြောင့် ကချင်ပြည်နယ်နေ့တွင် မနောပွဲကျင်းပမည့် အစီအစဉ်အား ကချင်ပြည်နယ်အစိုးရက ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ကချင်မျိုးနွယ်စု ၆ စုရှိ၍ မနောပွဲတွင် ဂျိန်းဖော့ပြည်နယ်နေ့( Jinghpaw Mungdaw Nhtoi)ဟု အသုံးပြုခြင်း ကြောင့် ကချင်မျိုးနွယ်စု ၅ စုက မပါဝင်ကြတော့ပေ။

ကချင်ရိုးရာကော်မတီဥက္ကဋ္ဌ ဦးထုံဖူးက "ဂျိန်းဖော့ပြည်နယ်ဆိုတဲ့ ဥစ္စာက ဗမာလို တိုက်ရိုက်အဓိပ္ပါယ် ပြန်လို့ ရှိရင်တော့ ဂျိန်းဖော့ပြည်နယ်နေ့ အဲလိုအဓိပ္ပါယ်ရတယ်။ အဲတော့ ကချင်မျိုးနွယ်မှာက အားလုံး ၆ မျိုးပါတယ်။ ကျန်တဲ့ ၅ မျိုးနွယ်က အဲဒါဆိုလို့ရှိရင် တော်ပြီတဲ့ သူတို့မပါတော့ဘူးတဲ့။ နှစ်ပေါင်း ၇၀ ကျော် ဂျိန်းဖော့ ဂျိန်းဖော့ကြီးပဲ လုပ်နေတာ၊ သူတို့ချည်းပဲ ဆိုတဲ့ဟာမျိုးရှိတော့။ ဟို ၅ ဖွဲ့ကလည်းပဲ အဲလိုဆိုလို့ရှိရင် ငါတို့လည်း မပါ တော့ဘူးဆိုတာ တစ်ဖက်၊ တစ်ဖက်ကလည်း ဂျိန်းဖော့မှ ဂျိန်းဖော့ဆိုတာတစ်ဖက် ကျွန်တော်တို့က ကြားမှာ ကြားညှပ်နေတာ" ဟု ပြောသည်။

ကချင်ပြည်နယ်နေ့ အခမ်းအနားအား  ဇန်နဝါရီ ၅ ရက်မှ ၁၂ ရက်ထိ မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင် ကျင်းပ ရန် စီစဉ်ထားသော်လည်း မနောပွဲ မပါဝင်တော့သည့်အတွက် ဇန်နဝါရီ ၁၀ ရက် တစ်ရက်တည်းသာ ကျင်းပ မည် ဖြစ်ကာ နေရာအား မနောကွင်းတွင် မပြုလုပ်ဖြစ်တော့ဘဲ ပြည်နယ်အစိုးရရုံးဝင်းထဲမှာသာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ကချင်ပြည်နယ်နေ့တွင် ဂျိန်းဖော့စာသားအား မထည့်ကာ ကချင်ဆိုသည့် စာသား ပြောင်းလဲ ဆောင်ရွက် စီစဉ်ရာတွင် မကျေနပ်သည့်သူများမှ ဆိုင်းဘုတ်အား မီးရှို့ြုခင်းများ ဖြစ်ပွားခဲ့သေးသည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ကချင်ပြည်နယ်အစိုးရအား ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ် မနောပွဲ ကျင်းပခဲ့ခြင်းဖြစ်ကာ၂၀၁၇ ခုနှစ်အထိ ကချင်ဘာသာနှင့် ဂျိန်းဖော့ပြည်နယ်နေ့ဟု ရေးသားခဲ့သည်။

နောက်ဆုံးအနေဖြင့် သိရှိရသည်မှာ ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စု)နေ့တွင် မနောပွဲအား ကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly