မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများ စုံစမ်းရန် ကုလကြိုးပမ်းလာခြင်းက နိုင်ငံရေးဖိအားပေးခြင်းဟု တပ်မတော်ပြော

မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများ စုံစမ်းရန် ကုလကြိုးပမ်းလာခြင်းက နိုင်ငံရေးဖိအားပေးခြင်းဟု တပ်မတော်ပြော
ပုံ - AFPတပ်မတော်နေ့ အခမ်းအနားတခုမှာ တွေ့ရတဲ့ မြန်မာ့တပ်မတော်မှ စစ်သည်တော်များ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁။     ။ မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂမှနေ၍ ကန်ဒေါ်လာ ၂၇ သန်း ဘတ်ဂျက် အတည်ပြုခဲ့ခြင်းက နိုင်ငံရေးအရ သက်သက် ဖိအားပေးရန် လုပ်ဆောင်ခြင်းဟု ယူဆကြောင်း တပ်မတော်ဘက်မှ ပြောသည်။

ကုလသမဂ္ဂအဖွဲ့၏ ၂ နှစ်တာ အသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော်ကို အထွေထွေ ညီလာခံမှာ ဒီဇင်ဘာ ၂၇ ရက်က အတည်ပြုကာ ထိုအထဲမှ မြန်မာအတွက် ၂ နှစ်စာ ဘတ်ဂျက်အနေဖြင့် ကန်ဒေါ်လာ ၂၇ သန်းကျော် သုံးစွဲရန် ခွဲဝေလျာထားခဲ့ခြင်းလည်း ဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “သူတို့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ROE (စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း)နဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ တပ်မတော်မှာ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသားပါ။ ဒါတွေနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်မှုတွေလည်း ဆောင်ရွက်လျက်ရှိတယ်။ ဒါတွေကို လျစ်လျူရှု့ပြီး လုပ်ဆောင်နေတာကတော့ ဒါနိုင်ငံရေးနဲ့ပတ်သက်ပြီး နိုင်ငံရေး ဖိအားပေးဖို့ သက်သက်ပဲ ပစ်မှတ်ထားပြီး လုပ်ဆောင်နေတာလို့ မြင်ပါတယ်ဗျ”ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ လူပုဂ္ဂိုလ်များပါဝင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)နှင့် လက်တွဲ လုပ်ဆောင်နေသကဲ့သို့ အာဆီယံအဖွဲ့ဝင်များနှင့်လည်း လက်တွဲလုပ်ဆောင်ရွက်မှုများရှိသည့် အတွက် ပွင့်လင်းမြင်သာမှု ရှိပြီးသားဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ကုလမှ ထိုသို့ ဘတ်ဂျက် သတ်မှတ်ခြင်းကြောင့် တပ်မတော်အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း တပ်မတော်ဘက်မှ ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ကျွန်တော် ပြောချင်တာတော့ ဒီကိစ္စဟာ တိုက်ရိုက်အားဖြင့် နိုင်ငံရေးအရ သက်ရောက်မှုကတော့ သိပ်ပြီးတော့ ထူးထူးခြားခြားရှိမယ် မထင်ပါဘူး။ ဒါပေမယ့်လို့ ဒီကိစ္စကို အကြောင်းပြုပြီး အစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ဖို့အတွက် တစ်စုံတစ်ရာတော့ စဉ်းစားသင့်တယ်လို့ ယူဆတာပေါ့”ဟု သုံးသပ်သည်။

ထိုသို့ မြန်မာနိုင်ငံတွက် ဘက်ဂျက်တစ်ခု သတ်မှတ်ခြင်းကြောင့် နိုင်ငံ သိက္ခာကျရသည့်အပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ရင်ဆိုင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာတရား ရုံး(ICJ)အမှု အတွက်လည်း ရလာဒ် မကောင်းနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

အလားတူ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် အဆိုပါညီလာခံတွင် မြန်မာနိုင်ငံအတွင်း မွတ်ဆလင်များနှင့် လူနည်းစုတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခြင်းစသည့် ကိစ္စများ အပေါ်ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချသော အဆိုတစ်ရပ် အတည်ပြုခဲ့သေးသည်။ ယခင်က မြန်မာနိုင်ငံအတွက် ရန်ပုံငွေကို စေတနာအလျောက် ထည့်ဝင်သည့် ငွေကြေးများမှနေ၍ ကုလသမဂ္ဂက သုံးစွဲခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော် ယခု ဘတ်ဂျတ် သီးသန့်ခွဲဝေပြီး လျာထားလိုက်သည့်အတွက် ကုလသမဂ္ဂ၏ အဖွဲ့ဝင် ၁၉၃ နိုင်ငံတို့၏ ထည့်ဝင်မှုများကနေ သုံးစွဲမှာဖြစ်ပြီး မြန်မာအစိုးရဘက်မှ ယခုကိစ္စကို တရားဝင် ထုတ်ပြန်ဖြေရှင်းမှုမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required