‘ပက်ဟာ အနိုင်ရဖို့အတွက် မွေးဖွားလာသူပါ။’ - အခုချိန်မှာ ဂွာဒီယိုလာနဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ်ကို ပစ်မှတ်ထားလိမ့်မယ်လို့ ပြောဆိုလိုက်တဲ့ ဇာဗီ

‘ပက်ဟာ အနိုင်ရဖို့အတွက် မွေးဖွားလာသူပါ။’ - အခုချိန်မှာ ဂွာဒီယိုလာနဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ်ကို ပစ်မှတ်ထားလိမ့်မယ်လို့ ပြောဆိုလိုက်တဲ့ ဇာဗီ
Photos: EPA

ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်း ဆွတ်ခူးဖို့ အသာရသွားပြီးနောက် ပက်ဂွာဒီယိုလာဟာ မန်ချက်စတာစီတီးအသင်းနဲ့ ချန်ပီယံလိဂ်ဖလားရယူဖို့ကိုပဲ အာရုံစိုက်သွားလိမ့်မယ်ဖြစ်တယ်လို့ ဇာဗီက ပြောဆိုလိုက်ပါတယ်။

စီးတီးဟာ ဦးဆောင်သူ လီဗာပူးလ်အသင်းရဲ့ ဒီရာသီ မယုံနိုင်လောက်တဲ့ ပုံစံကောင်းကြောင့် မကျော်လွှားနိုင်ပဲ ရမှတ် (၁၄)မှတ်အထိ ပြတ်ကျသွားပြီး အမှတ်ပေးဇယား တတိယနေရာမှာသာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ကြိုးကြာနီတို့ဟာ လက်ကျန်တစ်ပွဲ ကစားဖို့ကျန်ရှိတာကြောင့် (၁၇)မှတ်အထိ ကွာဟသွားနိုင်ခြေ ရှိနေပြန်ပါတယ်။

၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ နည်းပြ ဂွာဒီယိုလာ ဦးဆောင်တဲ့ ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ ဇာဗီက သူ့ရဲ့နည်းပြဟောင်းဟာ အခုချိန်မှာ ချန်ပီယံလိဂ်ဆုဖလားကို ရယူဖို့ ကြိုးစားသွားမှာဖြစ်ပြီး အသင်းလူစာရင်းကို ဦးစားပေးရွေးချယ်သွားဖွယ်ရှိတယ်လို့ ယုံကြည်နေပါတယ်။

"ပက်ဟာ အနိုင်ရဖို့အတွက် မွေးဖွားလာခဲ့သူတစ်ယောက်ပါ။"လို့ ဇာဗီက Mirror ကို ပြောပါတယ်။

"မန်ချက်စတာစီးတီးဟာ လိဂ်ပြိုင်ပွဲမှာ အခုထိ လီဗာပူးလ်နောက်ကနေ ရပ်တည်နေတာက သူ့ကို နာကျင်စေမှာပါ။ ဒါပေမယ့် သူ့အနေနဲ့ အရှုံးတော့ ပေးသွားမှာ မဟုတ်ပါဘူး။

"သူဟာ လက်တွေ့ကျကျ စဉ်းစားတဲ့သူတစ်ဦးပါ။ ကွာဟချက်ဟာ အတော်လေးကြီးမားပါတယ်။ လက်ရှိအခိုက်အတန့်မှာတော့ သူတို့ဟာ သုံးနှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ဆိုတာ ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး။

"ပက်အနေနဲ့ ချန်ပီယံလိဂ်ဖလားကိုပဲ ဦးစားပေးလာလိမ့်မယ်။ ကြီးမားတဲ့ အခွင့်အလမ်းရှိတယ်လို့ ကျနော်ထင်ပါတယ်။

"သူတို့ဟာ ရီးယဲလ်မက်ဒရစ်နဲ့အတူ ပွဲကြီးနှစ်ပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိပါလိမ့်မယ်။ အမှတ်ပေးဖလားလုပွဲမှာ ရှိမနေတာကြောင့် ဒီပွဲမတိုင်မီ ကစားသမားတွေကို အနားပေးဖို့ အခွင့်အရေးတစ်ရပ်ရှိနေနိုင်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက လီဗာပူးလ်အသင်းကို ကျဉ်းမြောင်းတဲ့ အမှတ်ကွာဟာမှု (၁)မှတ်အသာ စုစုပေါင်း (၉၈)မှတ်နဲ့ ပရီးမီးယားလိဂ်ဖလားကို နှစ်ကြိမ်ဆက် ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ယာဂန်ကလော့ပ်ရဲ့ ကြိုးကြာနီတို့ဟာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပက်ကတော့ ၂၀၁၀-၁၁ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဆုနဲ့ ဝေးကွားနေခဲ့ပြီး မန်ချက်စတာစီးတီးကလည်း ဒီဖလားကို ကိုင်မြှောက်ဖူးခြင်း မရှိသေးပါဘူး။

ဇာဗီက ဂွာဒီယိုလာရဲ့ အသင်းဟာ ပြည်တွင်းဖလားတွေထက် ဥရောပဖလားကို ပိုပြီးရယူလိုပြီး ဒီအောင်မြင်မှုဟာ ကလပ်ရဲ့ အဆင့်အတန်းကို တစ်ဆင့်မြင့်မားစေမှာဖြစ်တယ်လို ယုံကြည်နေပါတယ်။

"ပက်အနေနဲ့ကတော့ သူရနိုင်မယ့် ဖလားအားလုံးကို လိုချင်မှာပါ။ ဒါပေမယ့် ရာသီစက သူ့ကို ဘယ်ဖလားကို ပိုလိုချင်မိလဲလို့ ခင်ဗျားတို့ မေးခဲ့ရင် ချန်ပီယံလိဂ်ဖလားလို့ ဖြေလိမ့်မယ်လို့ ကျနော် သေချာပြောရဲပါတယ်။

"ဒီနှစ်ပိုင်းမှာ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ် ဖလားချင်းလဲလို့ရရင် ကောင်းမှာပဲလို့တောင် သူ ကလော့ပ်နဲ့ ဟာသလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဟာသစကားရဲ့နောက်ကွယ်မှာ အချို့သော အမှန်တရားရှိခဲ့မယ်လို့ ထင်ပါတယ်။

"သူဟာ မန်ချက်စတာစီးနဲ့အတူ အင်္ဂလန်မှာ ဖလားတိုင်းကို ရထားခဲ့ပြီးပြီ။  စီးတီးနဲ့အတူ ချန်ပီယံလိဂ်ရယူပေးတာက ကလပ်အသင်းတစ်သင်းအနေနဲ့ သူတို့ကို နောက်တစ်ဆင့် တက်လှမ်းဖို့ မြှင့်တင်ပေးသလိုဖြစ်တယ်ဆိုတာ သူသိပါတယ်။"

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly