ရေချိုးပြီးရင် ဝှေးစေ့က အောင့်သလိုခံစားရတာ ဘာကြောင့်လဲ

ရေချိုးပြီးရင် ဝှေးစေ့က အောင့်သလိုခံစားရတာ ဘာကြောင့်လဲ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဝှေးစေ့အောင့်တယ်ဆိုတာ ပေါ့ဆစရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အရင်တုန်းက ထိမိခိုက်မိတာ၊ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးဝင်ပြီး ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတို့ ရေချိုးပြီးတိုင်း ဝှေးစေ့အောင့်ရခြင်း အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

ဝှေးစေ့အကြောင်း တစေ့တစောင်း

ဘာကြောင့်ဖြစ်လဲဆိုတာ မပြောခင် ဝှေးစေ့အကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓါမှာ ထိခိုက်ဖို့ အလွယ်ကူဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲမှာ ဝှေးစေ့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကပ္ပယ်အိတ်အတွင်းမှာ စက်လုံး ပုံသဏ္ဍာန်နဲ့ တည်ရှိနေပြီး အမျိုးသားတို့ရဲ့ မျိုးအောင်ခြင်းကို ဖြစ်စေတယ်။ လိင်စိတ်ဆန္ဒပြီးမြောက်စေဖို့ ကျားဟော်မုန်းနဲ့ သုက်ရည်ထုတ်လုပ်ပေးပါတယ်။ ပုံမှန်အားဖြင့် ဝှေးစေ့ ၂လုံးဟာ တစ်လုံးနဲ့ တစ်လုံး အရွယ်မညီသလို တစ်လုံးက အောက်ကို ပိုပြီး နိမ့်ကျနေတတ်ပါတယ်။

ဝှေးစေ့က ရေချိုးတဲ့အချိန်မှာ ဘာလို့အောင့်တာလဲ။

ရေနဲ့ထိတွေ့မိချိန် အထူးသဖြင့် ရေနွေးနဲ့ ရေချိုးပြီးတဲ့အချိန်ဆိုရင် ကပ္ပယ်အိတ်အရေပြားက ပိုပြီး ထိတွေ့ခံစားနိုင်မှု ကောင်းပါတယ်။ ဒါကြောင့် နဂိုဖြစ်နေတဲ့ နာကျင်မှုဒဏ်ဟာ ရေချိုးပြီးသွားတဲ့အချိန်ဆိုရင် ပိုပြီးဆိုးလာတတ်တာပါ။ ဝှေးစေ့နာကျင်ခြင်းလို့ ဆိုရာမှာ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အားကစားကို ပြင်းပြင်းထန်ထန်လုပ်မိရင်း ဝှေးစေ့မှာ ဒဏ်ဖြစ်သွားတာ၊ မာကျောတဲ့အရာတစ်ခုခုနဲ့ လိင်တံ၊ ဝှေးစေ့ကို ထိခိုက်မိတာကြောင့်လည်း ဖြစ်နိုင်သလို ပိုးဝင်ပြီး ဝှေးစေ့ရောင်တာ၊ သုက်ပို့ပြွန်ရောင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၁။ သုက်ပို့ပြွန်ရောင်ခြင်း (Epididymitis)

လိင်မှတစ်ဆင့် ကူးစက်ရောဂါဖြစ်တဲ့ ခလက်မီးဒီးယားရောဂါ (Chlamydia) ကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သုက်ပို့ပြွန်ရောင်ရမ်းတာပါ။

၂။ ဝှေးစေ့ရောင်ခြင်း (Orchitis)

ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုး ဝင်ရောက်ခြင်းကြောင့် ဝှေးစေ့ရောင်ရမ်းတဲ့ အခြေအနေပါ။ ပိုးဝင်သွားတဲ့အချိန်မှာ ဝှေးစေ့က ပျော့အိအိဖြစ်နေတာ၊ ရောင်နေတာ၊ ထိလိုက်တဲ့အချိန် ပူစပ်ပူလောင်ဖြစ်တဲ့ ခံစားချက်မျိုး ဖြစ်စေပါတါယ်။

၃။ သုက်ရည်ပြွန်တွင် အရည်အိတ်တည်ခြင်း (Spermatocele)

ဝှေးစေ့ထဲမှာ ရှိနေတဲ့ အရည်တွေဟာ နာကျင်မှုကို ဖြစ်စေတဲ့အပြင် ဝှေးစေ့သွေးပြန်ကြောတွေက ပိုကြီးလာပြီး အောင့်သက်သက်ဝေဒနာကို ခံစားရပါတယ်။

၄။ မုတ္တရောဂါ (Hydrocele)

သုက်ပိုးတွေကို စုဆောင်းထားတဲ့ သုက်ပို့ပြွန်မှာ အရွယ်အစားကြီးပြီး နာကျင်စေတဲ့ ရေအိတ်လေးတွေ တည်နေတဲ့ အခြေအနေပါ။ နာကျင်မှုကြောင့် ထုံသလိုလို၊ စူးအောင့်သလို ဝေဒနာပါ ခံစားရနိုင်ပါတယ်။

ဒီရောဂါတွေအပြင် အူကျခြင်း၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်း၊ ကပ္ပယ်အိတ်ထဲ ရောက်မလာဘဲ ဗိုက်ထဲမှာ ကျန်နေခဲ့တဲ့ ဝှေးစေ့ကြောင့်လည်း နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။

ကျွန်တော့်မှာ ဝှေးစေ့ကင်ဆာဖြစ်နေတာလား ဆရာ။

ယောက်ျားလေးတော်တော်များများက ဝှေးစေ့အောင့်ပြီဆိုရင် ကင်ဆာဖြစ်ပြီလို့ တထစ်ချ ယုံလိုက်တာပါပဲ။ တကယ်တော့ ဝှေးစေ့ကင်ဆာဆိုတာ အမျိုးသားတွေမှာ တော်တော်လေးကို အဖြစ်နည်းတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ကိုယ့်မှာ ကင်ဆာရှိ၊ မရှိကို စောစီးစွာ သိနိုင်ဖို့အတွက် တစ်လကို တစ်ကြိမ်လောက် အိမ်မှာ ကိုယ်တိုင်စစ်ကြည့်လို့ ရတဲ့နည်းလမ်းတွေ ရှိပါတယ်။

၁။ ရေနွေးနဲ့ ရေချိုးပြီး၊ ရေစိမ်ပြီးတဲ့အချိန်မှာ ဝှေးစေ့ကို ကိုင်ကြည့်ပါ။

၂။ ဝှေးစေ့တစ်လုံးကို လက်နှစ်ဖက် အသုံးပြုပြီး စစ်ဆေးပါ။

၃။ လက်မနဲ့ လက်ညှိုးကြားမှာ ဝှေးစေ့ကို အပေါ်၊ အောက် လှိမ့်ပြီး စမ်းကြည့်ပါ။

၄။ ပဲစေ့အရွယ်လောက် အလုံးလေး၊ အကြိတ်လေးစမ်းမိတယ်ဆိုတာ ရေအိတ်တည်တာလည်း ဖြစ်နိုင်သလို ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။

ဒါကြောင့် ဝှေးစေ့မှာ နာကျင်တယ်၊ စူးအောင့်တယ်လို့ ခံစားရတာ၊ ကိုင်ကြည့်လိုက်တဲ့အချိန် ပဲစေ့လေးလို အကြိတ်လုံးစမ်းမိတာဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှုခံယူဖို့ လိုအပ်တယ်လို့ အကြံပေးလိုက်ပါတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly