ကော့သောင်းတွင် သက်ငယ်မုဒိမ်းမှု ကြံစည်သူအား အရေးယူခြင်း မရှိ၍ ဆန္ဒပြ

ကော့သောင်းတွင် သက်ငယ်မုဒိမ်းမှု ကြံစည်သူအား အရေးယူခြင်း မရှိ၍ ဆန္ဒပြ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကော့သောင်း၊ ဒီဇင်ဘာ ၃၀ ။            ။ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်သူအား အရေးယူပေးခြင်း မရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ၂ ဦးကို ရပ်ကွက်နေ ပြည်သူ ၈၀ ဦးက ဒီဇင်ဘာလ ၃၀ ရက်တွင် ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ ဦးသက်ပိုင်စိုးသည် သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်မှု တစ်ခုကို ဒီဇင်ဘာ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အေးက အရေးယူပေးခြင်း မရှိသည့်အတွက် ရပ်ကွက်နေ ပြည်သူများက လူဦးရေ ၈၀ ဝန်းကျင်ဖြင့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော် ဦးဆောင်သူ ဦးခင်မောင်သန်းက“ဒီဇင်ဘာလ ၁၆ ရက်နေ့က ရွှေပြည်သာရပ်ကွက်မှာ အသက် ၁၆ နှစ်ရှိ အမျိုးသမီးငယ် တစ်ဦးကို သားမယားအဖြစ် ကြံစည်ဖို့ ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်၊ ရပ်ကွက်နေ ပြည်သူတွေက အရေး ယူပေးဖို့ အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ အရေးယူပေးခြင်း မရှိတာကြောင့် အခုလို ဆန္ဒ ထုတ်ဖော်တာ ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲမှာ ပြည်သူအား မောက်မာစွာ ဆက်ဆံ၍ တာဝန်ဝတ္တရား ပျက်ကွက်သော ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်နား ပေးရေး အပါအဝင် သက်ငယ်မုဒိမ်းမှု တရားခံအား အမြန်ဆုံး ဖမ်းဆီးပေးရေး၊ သက်ငယ်မုဒိမ်းမှု ကြံစည်သူ ရွှေပြည်သာရပ်ကွက် ရာအိမ်မှူး ဦးသက်ပိုင်စိုးအား အမြန်ဆုံး ဖမ်းဆီးပေးရေး၊ အမျိုးသမီး ဘ၀ လုံခြုံရန်  မုဒိမ်းသမားများကို နှိမ်နင်းစို့၊ သမီးတို့ ဘဝများ မလုံခြုံဘူးနှင့် ကော့သောင်းမြို့၊ ရွှေအပြည်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား တာဝန်ရှိသူများမှ ဖြုတ်ချပေးရေး စသည့် ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒပြ ခဲ့ကြသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်သူ ရွှေပြည်သာရပ်ကွက်မှ ရာအိမ်မှူး ဦးသက်ပိုင်စိုးကို ကော့သောင်းမြို့နယ်ရဲ စခန်းတွင် ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း ကော့သောင်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်အောင်က ပြောသည်။

ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက “ သက်ငယ်မုဒိမ်းမှု ကျူးလွန်ကတည်းက ထွက်ပြေး တိမ်းရှောင်နေလို့ ကျွန်တော်တို့ ရဲစခန်းမှာ ရာအိမ်မှူးကို အမှု ဖွင့် အရေးယူထားတယ်”ဟု ပြောသည်။
လက်ရှိမှာတော့ ဦးသက်ပိုင်စိုးသည် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly